Saturday, January 7, 2012

“ ရင်ခုန်စရာ ပန်းရောင်စာမျက်နှာ “






လူရယ်လို့ဖြစ်လာရင် အတော်များများသော လူတွေနဲ့ ကင်းလို့မရတဲ့ အရာထဲမှာအချစ်လည်း ပါပါတယ်။ အဲဒီအချစ်က ပျော်ရွင်မှုတွေ ၊ ၀မ်းနည်းမှုတွေ၊ အောင်းမေ့သတိရစရာတွေ၊ နာကျည်းစရာတွေကိုလည်း ဖန်းဆင်းပေးတတ်ပါတယ်။ ဒီလို အချစ်တွေထဲမှာ ထာဝရပေးဆပ်ပြီး သည်းခံခွင့်လွှတ်ခြင်းတွေနဲ့  ချစ်နေတတ်တဲ့သူတွေလည်း ရှိတတ်ပြန်ရော။ အဲဒီလို အချစ်မျိုးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး အဲဒီလို အချစ်မျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါလားလို့ အချိန်မှီသိခွင့်ရခဲ့တာဘ၀ရဲ့ သာယာချမ်းမြေ့မှုပါပဲ။ ဒီလို ရင်ခုန်ချင်စရာ ကောင်းတဲ့ ဘ၀ရဲ့ ပန်းရောင် စာမျက်နှာလေးတွေကို ပြန်လည် သတိ ရမယ်ဆိုရင်……………။
ဆောင်းနှင်းကြွင်းတို့က ခပ်ငွေ့ငွေ့ ကျန်နေသေးသည်။ တရားလွန် အေးမြမှုကနေ လွန်မြောက်ပြီး နေခြည်နွေးနွေးလေးတွေ ကျရောက်လေ့ရှိတဲ့ ဖေဖော်ဝါရီကို ရောက်ပြန်လေပြီ။ တောင်ပေါ်မြေက အရင်အတိုင်းပင် လှမြဲ ၊ လေထုတွေက ရှင်းသန့်ဆဲပင်။ ဒီတောင်ပေါ်မြို့လေးသည် ကျနော့်ဇာတိမြို့ဖြစ်သလို သူနဲ့ ကျနော်ရဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ အမှတ်တရနေရာလေးလည်းဖြစ်တာပေါ့ဗျာ။ ရန်ကုန်လို မြို့တော်ကြီးမှာ နေတဲ့ သူက ကျနော့်ရဲ့ တောင်ကြီးမြို့လေးကို ချစ်သလို ကျနော့်ကိုလည်း သိပ်ချစ်ခဲ့တာပါ။ လေးနှစ်ဆိုတဲ့ ချစ်ခရီးလမ်းမှာ သိပ်ဆိုးတတ်တဲ့ ကျနော့်ကို ခွင့်လွှတ်ခြင်း အမျိုးမျိုးတွေနဲ့လည်း သူချစ်ခဲ့ပါရဲ့။ မိုင်တွေ အဝေးကြီးဝေးသွားလည်း ပြန်လာမယ့်ရက်ကို သူစောင့်မျှော်နေတတ်ပါရော။ ဘယ်ခရီးသွားသွား လိုက်ပို့ရင်း တိတ်တိတ်လေး ခိုးခိုးငိုနေတတ်သူလေးပေါ့ဗျာ။ ကျနော်လား။ ကျနော်ကတော့ အချစ်ကို အဲသလောက် အလေးအနက်မထားခဲ့မိပါဘူး။ ခပ်ပျော်ပျော်ပဲနေခဲ့ ခပ်ရှုပ်ရှုပ်ကဲခဲ့တာလေ။ ဆူပူမှုတွေ ငြူစူမှုတွေ ရှိပေမဲ့ ဘယ်တော့မှ လက်တွဲ မဖြုတ်ခဲ့တဲ့ ချစ်သူလေးကတော့ အမြဲ ကျနော့်အတွက် ရှိနေခဲ့တာတဲ့။ ခုတော့လည်း လေးနှစ်ပြည့်မြောက်မယ့် ဖေဖော်ဝါရီလလေးကို ရောက်ရှိလာပါပြီ။ အရင်လိုလည်း မရှုပ်ခြင်တော့ဘူး၊ ဘယ်သူ့ကိုမှ လည်း ရင်ထဲက မပါတဲ့ ချစ်တယ်ဆိုတဲ့စကား မပြောချင်တော့ဘူး။ ဘာလို့လဲ သိလား။ သူ့ကို ကျနော် ချစ်တတ်လာခဲ့ပြီ။ သူ့တန်ဖိုးကို ကျနော် နားလည်လာခဲ့ပြီလေ။ ကဲ ဒီတော့ ချစ်သူတိုင်းပျော်မြူးနေမယ့် မျှော်လင့်နေမယ့်ဖေဖော်ဝါရီလလေးမှာ ကျနော် သူ့ဆီကို အရောက်ပြန်မယ် ။ အတူတူ လျှောက်လည်မယ် ။ အရင်လို ရန်မဖြစ်အောင် သူ့ရဲ့ ဇီဇာကြောင်မှုလေးတွေကိုလည်း ကျနော် သည်းခံမယ်။ ပြီးတော့ သူသိပ်ချစ်တဲ့ သတ္တ၀ါလေးတွေကို ကြည့်ဖို့ သူနဲ့ အတူ တိရစ္ဆာန်ဥယျာဉ်ကိုလည်း သွားရဦးမယ်။ လေးနှစ်ပြည့်မြောက်တဲ့ အထိ သေသေချာချာ မပြောဖြစ်ခဲ့တဲ့ ချစ်တယ် ဆိုတဲ့ စကားကို ကျနော် ခမ်းခမ်းနားနားလေး ဖွင့်ပြောရဦးမယ်။ ပြီးတော့လား.. ..သိတယ်ဟုတ်... အဲဒီစကားလေးကိုလည်း ကျနော် ပြောဖို့ ဆုံးဖြတ်ထားတယ်ဗျ… Will you marry me ?

မိုးယံမင်းလွင်

No comments:

Post a Comment