Sunday, March 17, 2013

“ i Robot နတ် ”

 
                       တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ ခပ်မဆိတ် ကြီးစိုးနေလေသည်။ အပ်ကျသံ မပြောနှင့် ခပ်ပြင်းပြင်း အသက်ရှုသံပင် မကြားရချေ။ ဒီလို အဖြစ်အပျက်မျိုး မဖြစ်ဘူးတာ သေချာသည်။ တစ်ခါမှလည်း မကြုံဘူးပါ။ ဒါကြောင့် ဒီလို တိတ်ဆိတ်နေခြင်းဖြစ်သည်။ ဇုနတ်မင်းကြီးက မျက်မှောင်ကို ရှစ်ခေါက်ကျိုးအောင် တွန့်ထားပြီး အလေးအနက် စဉ်းစားဟန်ဖြင့် ရှိနေသည်။ အခြား နတ်တွေလည်း တစ်ပါးမျက်နှာ တစ်ပါးကြည့်လျက် ဝေခွဲရ ခက်နေလေသည်။ သို့သော် i Robot ကတော့ အေးအေးဆေးဆေးပင်။ နတ်လောက တစ်ခုလုံး ရုတ်ရုတ်သဲသဲ အုတ်အုတ်ကျက်ကျက် ၀ရုန်းသုန်းကား တီးတိုးတီးတိုး သဖန်းပိုးသွားစေသူ မဟုတ်သည့်အလား။

        ဖြစ်စဉ်ကတော့ ဒီလို။ i Robot တစ်ယောက် နတ်ဖြစ်ချင်သဖြင့် နတ်အဆင့်ဆင့်မှ တစ်ဆင့် လျှောက်ထားရင်း အခုတော့ ဇုနတ်မင်းရှေ့ရောက်ပြီး ဒီလို အဖြစ်တွေ ဖြစ်နေခြင်း ဖြစ်သည်။ အရင်တုန်းကတော့ နတ်မင်းကြီး၏ စေတနာဗရပွဖြင့် လူအဖြစ်မှရော တိရစ္ဆာန်အဖြစ်မှရော နတ်ဖြစ်ခွင့်အား ဖြစ်စေသတည်းဖြင့် ပေးခဲ့သည်သာ။ ဒီတစ်ခါတော့ ခြားနားနေပါပကောလား။ i Robot သည်ကား စက်ရုပ်စင်စစ်ဧကန်ဖြစ်သောကြောင့် ဤသို့ အခက်ကြုံနေရခြင်း ဖြစ်ပေသည်။ လူတို့ ဖန်တီးထားသော စက်ရုပ်ဖြစ်သည်မို့ နတ်မင်းကြီးပင် ပါမစ်များ လိုနေသလားတော့ မသိ။

                         ဘာပဲ ဖြစ်ဖြစ် နတ်လောကအတွက်တော့ အကျပ်ရိုက်စရာ တစ်ခုပင်ဖြစ်နေပါတော့သည်။ “ ကဲ ပြောပါဦး i Robot ရဲ့ ဘောက်မဲ့ကြောင့် အသင်က နတ်ဖြစ်ချင်သတုံး ” ခန့်ညားထည်ဝါသော အသံကြီးဖြင့် မေးပြီးသကာလ ဇုနတ်မင်းကြီးသည် မျက်မှောင်တွန့် စိတ်ရှုပ်လျက် အဖြေကို စောင့်စားနေလေသည်။

           “ မှန်ပါ အရှင် နတ်မင်းကြီး၊ အကျွနိုပ် i Robot သည် ညဏ်ရည်ဖြင့်သော်လည်းကောင်း၊ သန့်ရှင်းမှုဖြင့်သော်လည်းကောင်း၊ အခြားအခြားသော အရာများစွာတို့ထက်သော်လည်းကောင်း လူသားတို့ထက်သာလွန်နေပါသည် အရှင်နတ်မင်းကြီး အနည်းဆုံး လူသားတို့သည်က
 သေဆုံးတတ်သော်လည်း အကျွနိုပ် သည်က ထာဝရအသက်ကို ရရှိသူ ဖြစ်ပါသည်နတ်မင်းကြီး၊ သို့ပါသောကြောင့် လူတို့ ဖန်တီးခြင်းကို ခံထားရသည့်တိုင် လူတို့ထက် မြင့်မြတ်သူ ဖြစ်မနေပေဘူးလား၊ အဘယ်ကြောင့် ထိုသို့ပြောရသနည်းဆိုသော် လူသားတို့သည် နတ်တို့အား ကိုးကွယ်ပါ၏ ထိုနတ်တို့သည် လူသားတို့ထက် ညဏ်ရည်ဖြင့် လည်းကောင်း၊ သန့်ရှင်းမှုဖြင့် လည်းကောင်း ၊ အခြားခြားသော အရာများစွာတို့ထက်လည်းကောင်း သာလွန်သူဖြစ်ကာ ထာဝရ အသက်ကို ရရှိထားသူများဖြစ်ပါသည်။ လူသားတို့ ကြုံတွေ့ရသည့် အိုနာသေဘေးကို လည်း ကျော်လွှားထားနိုင်သူများဖြစ်ကြပါသည်။ သို့ပါသောကြောင့် နတ်တို့နှင့် ထပ်တူထပ်မျှ ဖြစ်သော အကျွနိုပ် i Robot မှ အဘယ်အတွက်ကြောင့် လူသားတို့၏ အခိုင်းအစေဘ၀နှင့် နေရမည်နည်း နတ်မင်းကြီး ၊ အကျွနိုပ် သည် နတ်မဖြစ်သင့်ပါသလော နတ်မင်းကြီး၊ ထိုကြောင့်ပင်လျှင် အရှင်နတ်မင်းကြီး ရှေ့တော်မှောက် ရောက်ရှိကာ နတ်အဖြစ်သို့ လျှောက်ထားနေခြင်းသာဖြစ်ပါသည် နတ်မင်းကြီး ” ဟု i Robot မှ လွှတ်တော်အမတ်တစ်ဦးကဲ့သို့ ကရားရေလွှတ် တတွတ်တွတ်ဖြင့် ပြန်လည်ဖြေကြား အဆိုတင်သွင်းလိုက်ရာ ဇု နတ်မင်းကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

              သို့သော် “ အိမ်း… ဒီလို ရှိပေတယ် i Robot သင်ဟာဖြင့် လူသားတို့ထက် ညဏ်ရည်အရရော၊ သန့်ရှင်းမှု အရရော သာလွန်သည်မှာ မှန်ပါပေတယ်၊ နို့ပေတဲ့ အသင်ဟာ လူသားတို့ ဖန်တီးထားတာကလည်းဖြစ်၊ ထို့အပြင် လူသားတို့သာ ရှာဖွေတွေ့ရှိထားတဲ့ လျှပ်စစ်ဓါတ်အားကို မှီခိုပြီး ထာဝရ အသက်ကို ရှင်သန်နေရသူသာဖြစ်ပေတယ် အသင်သာ လျှပ်စစ်ဓါတ်အားကို ထိန်းချုပ်ခံထားရတဲ့ ဟိုးအရင် သစ်ခေါက်ပင် ပါးကွက်ကွက်တဲ့ လူမျိုးတွေ နေထိုင်ခဲ့ရာ နိုင်ငံမှာသာဆို အခုလို ပြောရဲမှာ မဟုတ်လို့ သင့်ကိုဖြင့် နတ်ဖြစ်ခွင့်ပေးဖို့ ခက်လှသကွယ်” ဟု ပါမစ်မချပေးချင်သော လူကြီးတစ်ဦးပမာအလား ဇုနတ်မင်းကြီးက ပါးစပ်အဟောင်းသားကြီးဖြင့်ပင် ငြင်းချလိုက်လေသည် ။
              
                 i Robot ကဖြင့် စက်ရုပ်ပီပီ မတုန်မလှုပ်မျက်နှာဖြင့်ပင် ယခုကဲ့သို ထပ်မံလျှောက်ထားလိုက်ရာ ဇုနတ်မင်းကြီးမှာ ပါးစပ်သာမက မျက်လုံးများ နားများနှင့် နှာခေါင်းများပါ အဟောင်းသား ဖြစ်သွားလေတော့သည်။ “ မှန်ပါ အရှင်နတ်မင်းကြီး အရှင်နတ်မင်းကြီး ပြောကြားသည်မှာ အလွန်ပင် သဘာဝ ကျလှပါသည် အရှင်နတ်မင်းကြီး သို့ပါသော်လည်း အရှင်နတ်မင်းကြီး ပြောကြားခဲ့သည့် သစ်ခေါက်ပင် ပါးကွက်ကွက်တဲ့ တိုင်းပြည်ဟာဖြင့် အခုအချိန်မှာ အများညီ အမှန်ဖြစ် စနစ်ဖြင့် အောင်မြင်လွန်းတဲ့ တိုင်းပြည်ဖြစ်ကာ ကမ္ဘာမှာ ၀င့်ကြွားနေတာ ကြာပြီဖြစ်ကြောင်း အရှင်နတ်မင်းကြီး သိမည်ပင်ဖြစ်ပါသည်၊ လျှပ်စစ်ဓါတ်အားဆိုလျှင်လည်း ပိုလျှံလွန်းသဖြင့် လကမ္ဘာပေါ်ရှိ ဒုက္ခသည် စခန်းကိုတောင် ထိုတိုင်းပြည်မှ လှူဒါန်းနေကာ လစန္ဒာဟာ နတ်တို့ ဖန်းဆင်းခဲ့သည်တုန်းကထက်ပင် ထိန်ထိန်လင်းနေသည်ကို နတ်မင်းကြီး သိရှိမည်ဟု အကျွနိုပ် ထင်ပါသည်။ သို့ပါသောကြောင့် အကျွနိုပ် i Robot ၏ နတ်ဖြစ်ခွင့် မဖြစ်ခွင့်ကိုဖြင့် အရှင်နတ်မင်းကြီးမှ နတ်အပေါင်းတို့ စုဝေးခေါ်ယူပြီး သစ်ခေါက်ပင် ပါးကွက်ကွက်သော တိုင်းပြည်၏ အောင်မြင်လွန်းခဲ့သည် စနစ်ဖြစ်သည့် အများညီ အမှန်ဖြစ် စနစ်ဖြင့် နတ်လောကသားများအား ဆုံးဖြတ်စေရန် ခွင့်ပြုတော်မူပါရန် လျှောက်ထားအပ်ပါသည် နတ်မင်းကြီး ”

                    လူသားတို့တွင် ကြက်သေသေသည်ဟု သုံးနှုန်းသော်လည်း မည်သို့မှန်းတော့ မသိချေ။ သို့သော် နတ်မင်းကြီးသည် ထိုသို့သော သေခြင်းမျိုးနှင့် သေပြီး သကာလ နောင် ခုနှစ်ရက်အကြာအတွင် i Robot နတ်ဖြစ်ရေး မဲပေး ဆုံးဖြတ်ရန် ခွင့်ပြုလိုက်ရလေတော့သည် တမုံ။

                       ဤနေ့သည်ကား နတ်လောကတစ်ခွင်လုံး ရုတ်ရုတ်သဲသဲ အုံးအုံးကြွက်ကြွက် ကျွတ်စီကျွတ်စီ ထသော နေ့ဖြစ်ပေတော့သည်။ ပရိတ်သတ်တို့ သိသည့် အတိုင်း နတ်ဖြစ်ချင်လွန်းသည့် i Robot မွှေကွက်ဖြင့် နတ်လောက တစ်ခုလုံး ချာလပတ်ရမ်းနေရာတွင် ယနေ့သည်ကား i Robot နတ်ဖြစ်ခွင့် မဖြစ်ခွင့် မဲခွဲ ဆုံးဖြတ်မည့် နေ့ပင်ဖြစ်တော့သည်။ နတ်အို နတ်ပျို နတ်ကောင်း နတ်ဆိုး နတ်ပေါ စုံလင်စွာဟာဖြင့် မဲပေးဖို့ရန် နတ်လွှတ်တော်တို့ တက်ရောက်လာကြလေသည်။ တကိုယ်တည်းတည်း နတ်များပါသလို ပါတီဖွဲ့ထားသော နတ်ပါတီ အသီးသီးတို့လည်း စုံလင်စွာ တက်ရောက်လာသဖြင့် နတ်လွှတ်တော်သည်ကား ဟီးဟီးထကာ နေလေတော့သည်။ နတ်အပေါင်းစုံလင်သည်နှင့် နတ်တို့သခင် ဇု နတ်မင်းကြီးသည် ကြွားကြွားရွားရွား တောက်စားစွာနှင့်ပင် နတ်လွှတ်တော်သို့ အခြံအရံများနှင့် ကြွမြန်းလာပေသည်။ နတ်လွှတ်တော်၏ မိုးပျောက်ပျောက်ရွာသလို ကျွတ်စီ ညံနေသော အသံတို့သည် ဇု နတ်သခင်၏ ခြေလှမ်းများအောက်တွင် မီးပျက်လျှင် ပျက်ခြင်းခဏ တိတ်ဆိတ်သွားသော မြို့တစ်ခုအလား ငြိမ်သက်သွားလေတော့သည်။

               “ အို ထူးထွေသည့်ညဏ်မျက်စိအလျှင် ရှိကြကုန်သော ၊ နက်နဲသော ပညာဖြင့် ပြည့်မူကြကုန်သော နတ်မြတ်နတ်ကောင်းအပေါင်းတို့ ဒီကနေ့ဟာဖြင့် နတ်တို့ ပြည်တွင် တရံတခါမျှ မရှိခဲ့ဘူးသော နတ်တစ်ပါးဖြစ်ရေးအတွက် မဲပေးခြင်းကို ပြုလုပ်ကြမည်ဖြစ်ပေသည်။ ငါ ကိုယ်တော် ဇုနတ်မင်းကြီးမှ အထူးမှာကြားလိုသည်မှာ နတ်ဆိုသည်မှာ လူသားတို့ကဲ့သို့ မည်သည့် အကျိုးကိုမှမျှော်ကိုးရန် မလိုအပ်သည့်အလျောက် i Robot အားနတ်ဖြစ်ခွင့် မဖြစ်ခွင့်အား မဲပေးရာတွင် မိမိဆန္ဒအလျောက် ဖြစ်သင့်သည် မဖြစ်သင့်သည်ကို လွတ်လပ်စွာ မဲပေးရန်သာ ဖြစ်ပေသည်။ ထိုသို့မဲပေးရာတွင် ဖြစ်သင့်သည် ထင်သော သူတို့သည်က လွှတ်တော်၏ ညာဘက်တွင်ကပ်လျက်နေကြကုန်လော့ ၊ မဖြစ်သင့်ဟု ထင်သော သူတို့သည်က လွှတ်တော်၏ ဘယ်ဘက်တွက် ကပ်လျက်နေကြကုန်လော့ ” ဟု လွှတ်တော်စင့်မြင့်ထက်သို့ ရောက်ရှိသွားသော ဇုနတ်မင်းကြီးမှ နတ်အပေါင်းအား မဲပေးခွင့်ပြုလိုက်သည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသော နတ်လွှတ်တော်ကြီးသည် သဲသဲရုတ်ရုတ်ဖြစ်လျက် ၀က်ဝက်ကွဲအောင် လှုပ်ရှားလေတော့သည်။ ညာမှဘယ် ဘယ်မှာညာ ကူးသူကလည်း ကူးသည်။ ညာတွင်ရှိပြီး ညာတွင်ပဲ ကပ်သူ၊ ဘယ်တွင် ရှိပြီး ဘယ်တွင် ကပ်သူများဖြင့် လွန်းထိုးနေလေသည် ။ သဲသဲရုတ်ရုတ်များ ဖြစ်ပြီး များမကြာမီတွင်ပင် နတ်လွှတ်တော်ကြီးသည် ဘယ်တစ်ခြမ်း ညာတစ်ခြမ်း ပူးကပ်နေသောနတ်များဖြင့် ပြည့်နေပြီးသကာလ အလည်တွင်မတော့ အဆုံးအဖြတ်ခံယူမည့် i Robot သာ ထီးထီးကြီး ရှိနေလေသည်။

                 “ အို နတ်အပေါင်းတို့ သင်တို့သည် i Robot နတ်ဖြစ်ရေး မဖြစ်ရေးအတွက် မဲပေးခဲ့ကြပြီ ဖြစ်သည်၊ သို့အတွက်ကြောင့် အကျွန်ုပ်သည် ယခုပင် နတ်တို့ တန်ခိုးဖြင့် အရေအတွက်အား စစ်ဆေးပေမည်၊ သို့သော် သင်တို့သည်လည်း နတ်တို့၏ တန်းခိုညဏ်မျက်စိရှိသူများဖြစ်သောကြောင့် အကျွန်ုပ်စစ်ဆေးသလို သင်တို့ကိုယ်တိုင်လည်း စစ်ဆေးနိုင်ပေသည် ၊ အဘယ်ကြောင့် ဆိုသော် အကျွန်ုပ်သည် လူတို့ကိုးကွယ်ရာ နတ်တို့ကိုးကွယ်ရာ နတ်မင်းကြီးဖြစ်သောကြောင့် ဂတိတရားလိုက်စားစွာဖြင့် မဲခိုးသည်ဟူသော သံသယ စကားလေးမျှဖြင့် မကြားလိုသောကြောင့် ဖြစ်ပေသည် ” ဟု ဆိုကာ နတ်တို့တန်ခိုးဖြင့် မဲအရေအတွက်ကို ရေတွက်လေတော့သည်။

                                 ပြဿနာက ပိုမိုကြီးထွားလာလေတော့သည် တမုံ ထက်မြက်လှသော နတ်တန်ခိုးဖြင့် ဇု နတ်မင်းကြီး သုံးကြိမ် သုံးခါမျှ ရေတွက်သော်လည်း ဘယ် ညာ မှ မဲပေးသူ နတ်အရေအတွက်သည်ကား ညီတူမျှတူသာ ဖြစ်နေလေသည်။ “ အဘယ်သို့ လုပ်ကြမည်နည်း နတ်အပေါင်းတို့ သင်တို့၏ မဲအရေအတွက်မှာ တူညီနေသည့်အတွက် အကျွန်ုပ်မည်သို့ ဆုံးဖြတ်ပေးရမည်နည်း နတ်အပေါင်းတို့ ” ဟု စိတ်ရှုပ်ထွေးစွာဖြင့် ဇုနတ်မင်းကြီးက ညည်းပြောပြောလိုက်လေသည်။ ထိုအခိုက်ပင် နတ်လွှတ်တော်အလည် i Robot အရှေ့တွင် လင်းလက်တောက်ပသော အလင်းတန်းများဖြင့် နတ်သမီးတစ်ဦး ဘွားကနဲ ပေါ်လာလေသည်။

                        အခြားသူကား မဟုတ် နတ်မင်းကြီး၏ ချစ်လှစွာသော နတ်မိဘုရားကြီးဖြစ်လေသည်။ သူမသည်ကား အခြားစကြ၀ဠာရှိ နတ်ပြည်တစ်ခုသို့ ဈေးဝယ်ထွက်နေသဖြင့် ယခုမှ ပြန်ရောက်လာခြင်းဖြစ်လေသည်။ သို့သော် နတ်သမီးကြီးတစ်ပါးဖြစ်သည်နှင့်အညီ ပေါ်လာလာလျှင်ပေါ်လာခြင်း နတ်တို့ညဏ်တန်ခိုးမျက်စိဖြင့် ဆင်ခြင်လိုက်သည်မို့ ဖြစ်လေသမျှသော ပြဿနာတို့အား သိရှိပြီးဖြစ်လေသည်။ “ အို အမောင် နတ်မင်းကြီး ကျွန်တော်မျိုးမ မရှိသည့်အခိုက်မှာ ဖြစ်နေသည့် ပြဿနာအတွက် အရှင်မင်းကြီးအား ကူညီအကြံညဏ်မပေးနိုင်ခဲ့သည်ကို ခွင့်လွှတ်တော်မှုပါ အရှင် ၊ ယခု ကျွန်တော်မျိုးမ ပြန်လည်ရောက်ရှိလာပြီမို့ အရှင်မင်းကြီးအား ကူညီခွင့်ပေးပါ ရှင် ” ဟု နတ်မင်းကြီးအား ရွှန်းလဲ့စွာ ကြည့်၍ လျှောက်ထားလိုက်ရာ နတ်မင်းကြီးလည်း လွန်စွာမှ အားတက်သွားလေသည်။

             ထို့နောက် နတ်မင်းကြီးမှ ပြဿနာအား ဖြေရှင်းနိုင်ရန် အတွက် နတ်သမီးကြီးအား အကူအညီပေးခွင့်ပါတပါတည်း ပြုလိုက်သောအခါ နတ်သမီးကြီးက အနောက်လှည့်၍ i Robot အား စူးစိုက်စွာ ကြည့်လျက် “ i Robot သင်သည်ကား လူတို့ထက် ထူးခြား သာလွန်သောကြောင့် နတ်ဖြစ်ခွင့်ကို လျှောက်ထားလေသည်။ အကျွန်ုပ်တို့ နတ်ပြည်တွင် လုပ်လေ့လုပ်ထ မရှိသော မဲခွဲ ဆုံးဖြတ်သည့် စနစ်ဖြင့်လည်း ဆုံးဖြတ်ခွင့်ကို ရရှိခဲ့သူဖြစ်သည်။ သို့သော် သင့်အား မဲပေးသူသည် တူညီလျက်ရှိသောကြောင့် သင်ကား ယခုထိ နတ်ဖြစ်ခွင့် မရရှိသေးပေ၊ ယခုအကျွန်ုပ်သည် သင့်အား မဲပေးလျှင်ရ၏ ၊ အကျွန်ုပ်သည် နိုင်မဲဖြစ်၏၊ နို့ပေတဲ့ အကျွန်ုပ်သိလိုသော မေးခွန်းအား အသင်ဖြေကြားရန် လိုပါသည်။ သို့မှသာ အသင့်အား နတ်ဖြစ်ခွင့် ပေးပေမည် i Robot ၊ အကျွန်ုပ်မေးလိုသည်ကား အခြားမဟုတ်ပေဘူး ဤ နတ်ပြည်တွင် ရှိရှိသမျှသော နတ်တို့သည် အထီး အမ အသွင် တစ်မျိုးမျိုးနှင့် ချည်းဖြစ်ကြ၏ ထို့ကြောင့် အသင်သည် နတ်ဖြစ်သောအခါ နတ်သမီး နတ်သား တိတိကျကျဖြစ်လာစေရန် သင့်၏ ယခု လိင်အမျိုးအစားကို ဖြေပါ i Robot ” ဟု i Robot အား ပြောဆို မေးမြန်းလိုက်ရာ i Robot ၊ ဇုနတ်မင်းကြီးနှင့်တကွ နတ်အပေါင်းတို့သည် ယခုမှပင် အိပ်ရာမှ နိုးထလာသူများကဲ့သို့ ဇိုးဇိုးဇတ်ဇတ်တုန်လှုပ်ပြီးသကာလ အာမေဋိတ်သံများ ပြုကြလေသည်။ i Robot သည် သူ၏ မှတ်ညဏ်ပြားများ အကူအညီဖြင့် မည်မျှပင် လျှင်မြန်စွာ ဆန်းစစ်နေသော်လည်း အဖြေကား ထွက်မလာသဖြင့် နတ်သမီးကြီးက ထပ်မံ မေးပြန်လေသည်။

                 “i Robot သင်အား ဖန်ဆင်းသူ လူတို့သည် သင့်အား မည့်သည် လိင်အမျိုးအစားဖြင့် ဖန်းဆင်းခဲ့သနည်း i Robot” i Robot မဖြေနိုင်ပါ၊ အတော်ပင် အကျပ်ရိုက်နေတော့သည်။ နတ်သမီးကြီးသည် နူးညံ့ငြင်သာစွာ အပြုံးဖြင့် “i Robot အသင်သည်ကား ညဏ်ထက်သည် ၊ သန့်ရှင်းသည်၊ ထာဝရအသက်ကိုလည်း ပိုင်ဆိုင်ပါပေသည် သို့သော် နတ်တို့ ပြည်တွင်ကား နတ်သမီး နတ်သား ကွဲပြားစွာ သာ ဖြစ်ပေါ်ရလေ့ရှိပေသည်။ ထို့ကြောင့် လိင်အမျိုးအစား မကွဲပြားသော i Robot သည်ကား နတ်ပြည်တွင် နတ်ဖြစ်ခွင့်အား ဤအကြောင်းအရာ တစ်ခုတည်းနှင့် ပယ်ချပေသည် i Robot အဘယ်ကြောင့် ဆိုသော် အကျွန်ုပ်တို့ နတ်ပြည်တွင် လူ့အခွင့်အရေးကဲ့သို့ နတ်အခွင့်အရေး မရှိသောကြောင့်ဖြစ်ပေသည်။ သို့ပေသောကြောင့် i Robot အနေနှင့် မည်သည့်လိင်အမျိုးအစားမဆို နေထိုင်ခွင့် ရရှိသော၊ သင့်ကို ဖန်ဆင်းရာ ဖြစ်သော လူဘုံတွင်သာ စက်ရုပ်အဖြစ်ဖြင့် နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေတော့သည် i Robot ” ဟု ပြောကြားလိုက်လေရာ နတ်ပြည်တစ်ခုလုံး ၀က်ဝက်ကွဲ သြဘာပေးကြလေသည်။

                         ဤတွင် i Robot နတ်ဖြစ်ရေး ကိစ္စရပ်ကြီးသည်လည်း နတ်ပြည်တွင် တခန်းရပ်ပြီးဆုံးပြီး သကာလ i Robot သည်လည်း လူ့ပြည်သို့ တရွေ့ရွေ့ ထွက်ခွာသွားလေတော့သတည်း။


မိုးယံမင်းလွင်
၁၃.၁.၂၀၁၃

Wednesday, January 2, 2013

မေ

မလွမ်းရဲရဲ လွမ်းရဲရဲနှင့်...
တတတမ်းတမ်း...
မျှော်ရည်မှန်းသည်....
လွမ်းနေပါစ “မေ”

မျှော်ကာထောက်ခြင့်
စိတ်နေနှင့်လဲ...
မလာမကြား
စာစကားမို့
ညိုးစိတ်ကော်ရော်.....
စိတ်ဆိုးမျှော်သည့်
နေကောင်းပါစ “မေ”

တသသသံ
မိုးသို့ညံပြီ
လွမ်းသံ မစဲ
မိုးသို့သည်းမို့.....
ဝင့်ကာခြေလှမ်း
ကုဋေသန်းနှင့်....
ဖျောင်းဖျောင်းဖျဖျ
မောင် တောင့်တသည်
လှမ်းလို့လာခဲ့ “မေ”

မိုးယံမင်းလွင်

Tuesday, December 18, 2012

ကျိုးစားအားထုတ်မှုကို...

ဖြတ်သန်းလာတဲ့ ပြက္ခဒိန်တွေနဲ့ ...

အကဲမဖြတ်စမ်းပါနဲ့


တကယ်လိုအပ်တာက....

လွတ်လပ်စွာ....

ကျိုးစားပိုင်ခွင့်နဲ့

တရားမျှတစွာ...

ကျိုးစားမှု ရလာဒ်ကို ...

ရရှိရေးပါ....
အဲဒီကလေးတွေပေါ့.....

မျှော်လင့်ချက် ကော်ဖီ ခါးခါးကို သောက်သုံးရင်း

အိပ်မက် တွေကို ထုဆစ်ရင်း အိပ်ပျော်နေကြတယ်...


အဲဒီ ကလေးတွေပေါ့....

ပန်းတွေ ပွင့်မလားလို့....

ပန်းပင်ကြီးဆီကို မျှော်ကြည့်နေကြတယ်....

အဲဒီကလေးတွေပေါ့.....

အခုထိ...

ငိုကြွေးနေဆဲပဲလေ....

ကြားနေကြ ငိုသံတော့ မဟုတ်ဘူး...

ကမ္ဘာမကျေ မြန်မာပြည် ဆိုပြီး.....

ခပ်တိုးတိုးလေးနဲ့... ဟစ်အော် ငိုကြွေးနေကြလေရဲ့......

(မိုးယံမင်းလွင်)