Monday, January 9, 2012

“ လူသားများ ကြောက်ရွံ့နေသည့် သရဲ တကယ်မရှိပါ ”

                               သရဲကို လောက မှာ ကြောက်ရွံ့ ခဲ့ကြတာ သရဲတွေ့ခဲ့တာ သရဲခြောက်ခံခဲ့ရတာ ယခုအချိန်မှ မဟုတ်ပါ။ သမိုင်း ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရမှာ ခေတ်တိုင်း ကြားနေရ တွေ့နေရတဲ့ အကြောင်းအရာပဲ ဖြစ်ပါသည်။ သို့ပေသိ သရဲ ကို တွေ့ဖူးသူတိုင်း မြင်တွေ့သည်ထက် ပိုမိုကာ ချဲ့ကားပြောဆိုသည်မှာလည်း ထုံးစံ တစ်ခုလိုပင် ဖြစ်နေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။  ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါကပင် သရဲ တစ္ဆေများ ရှိခဲ့သည် ကိုလည်း ပိဋကတ်တော်လာ အကြောင်းအရာများဖြင့် သိရှိရပါသည်။ အရှင်မောဂ္ဂလန်မထေရ် မြင်ခဲ့သော မြွှေပြိတ္တာ တောင်လုံးခန့်မျှပင် ကြီးမားသည်ဟု  ဗုဒ္ဓကိုယ်တော်တိုင် သက်သေအဖြစ် နှုတ်မြွက်ကြားခဲ့ပါသည်။ ထို့အပြင် ဝေနေယျ ၃၁ ဘုံတွင်လည်း ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံများ ထည့်သွင်းဟောကြားခဲ့သဖြင့် ထိုဘုံဘ၀များ ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်လက်ထက် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး လေနာရောဂါ ထသည့်အခါ ရုက္ခစိုး တစ်ပါးမှ အိမ်တစ်အိမ်သို့ ပူးကပ်ဝင်ရောက်ပြီး ဆွမ်းလောင်းလှူရန် တိုက်တွန်းကြောင်းများလည်း ပိဋကတ်တော်လာ ကျမ်းများအရ သိရှိခဲ့ဘူးပါသည်။ သို့သော် ရုက္ခစိုးဆိုသည်မှာ အပါယ်လေးဘုံတွင် ပါဝင်သော သူတော့ မဟုတ်ပါချေ။ လူဘုံအထက် မြင့်မားသော စတုမဟာရာဇ် နတ်စာရင်းဝင်များ ဖြစ်သဖြင့် သရဲဟု မှတ်ယူရန်မသင့်ပေ။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်ကပင်လည်းကောင်း ထိုထက်ပိုစောပြီးသောအချိန်က လည်းကောင်း လူသားတို့တွင် သရဲတစ္ဆေ ယုံကြည်မှု ကြောက်ရွံ့မှု တို့သည် ဖြစ်တည်နေခဲ့ပါသည်။ သရဲ တစ္ဆေမရှိဟု ဆိုခြင်းသည် အကြွင်းမဲ့ မှန်ကန်ခြင်း မဟုတ်ပေ။ ရှိပါသည် ။ ပညတ် ဝေါဟာရအရ သရဲ ခေါ်ခေါ် ပြိတ္တာခေါ်ခေါ် ပြိတ္တာအသူရကာယ်ဘုံများမှာ အမှန်ပင် ရှိပါသည်။ သိပ္ပံပညာရှင်အနည်းစုမှ အီသိုင်းဓါတ်ငွေ့ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်များ ရှိမည်ဟု ခန့်မှန်းကြပါသည်။  ဗုဒ္ဓဘာသာ တရားအရဖြင့်မှု ထိုဘုံများသည် လူသူ မနီး တောကြီးမျက်မည်းများ၊ သုဿန်များ၊ လူသူမနေ အိမ်အိုပျက်များ နှင့် လူသူရှိရာ လမ်းမ အများအပြား၌ပင် ရှိသည်ဟု လက်ခံထားပါသည်။ 

                     ဗုဒ္ဓဘာသာ တရားအရ ကြည့်လျှင် မကောင်းမှုအကုသိုလ် ကျူးလွန်သူများ ရရှိရာ ဘုံဘ၀ဖြစ်ပါသည်။  ဗုဒ္ဓဘာသာ တရားတော်လာ ၃၁ ဘုံတွင် လူ့ဘုံထက် နိမ့်သော ဘုံများဖြစ်ပါသည်။ လောကဓမ္မဓါအရ နိမ့်သောဘုံသားသည် မြင့်မားသော ဘုံသားများအား မည်သည့် ဒုက္ခ မည်သည့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ မပြုလုပ်နိုင်စွမ်းသာပါ။  ဗုဒ္ဓဘာသာ တရားအရ အသက်ခန္ဓာသေဆုံး ဘ၀ကူးပြောင်းမှုသည်လည်း "အိပ်သော်ယောင်္ကျား နိုးသော်လားသို့ စကားပုံ" နှင့်အညီ အိပ်ပျော်နေသောသူတစ်ဦး အိပ်ယာမှ နိုးလာပါက အိပ်နေချိန်နှင့် နိုးထလာချိန်ကြား အခြားအစပ်မရှိ တဆက်တည်းဖြစ်တည်သကဲ့သို့ ရှိပါသည်။ ဘ၀ ခန္ဓာတွင်လည်း ထိုကဲ့သို့ပင် အသက်ဝိညာဉ်စုတေစိတ်ကျ သေဆုံးသည်နှင့် ချက်ခြင်းပင် မိမိ ကံနှင့်လျော်ညီသော ဘ၀ တစ်ခုသို့ ရရှိပါသည်။ ဥပစ္ဆေဒကံဖြင့် သေဆုံးသောကြောင့်ဖြစ်စေ၊ သာမာန်ရောဂါဖြင့်သေဆုံးသောကြောင့်ဖြစ်စေ သေဆုံးသည်နှင့် ကံအားလျော်ရာဘ၀သို့ ၀င်စားပြောင်းလဲရပါသည်။ လေ့လွင့်နေရသော နာမ်ခန္ဓာလုံးဝ မရှိပါ။  ဗုဒ္ဓဘာသာ  ဗုဒ္ဓဘုရားရှင်၏ အယူဝါဒသည် အနတ္တ၀ါဒသာဖြစ်ပါသည်။ အတ္တ၀ါဒမဟုတ်ပါချေ။ အနတ္တ၀ါဒတွင် ကိုယ်တွင်း၌ အသက်ကောင် ၀ိညာဉ် လုံးဝ(လုံးဝ)တည်ရှိခြင်း မရှိပါခြေ။ ထိုကဲ့သို့ ရှိသည်ဟု ယုံကြည်ခြင်းသည် လွဲမှားသော အယူ မိစ္စာဒိဌိ အယူဖြစ်သည်ဟု ဘုရားရှင် သက်တော် တလျှောက်လုံး ဟောကြားခဲ့ပါသည်။  ထိုအယူဝါဒသည်လည်း မြတ်စွာဘုရား မပွင့်ထွန်းမီ အချိန်ကပင် ဘုရားပွင့်ထွန်းရာ ဒေသတွင် အခိုင်အမာတည်ရှိပြီးဖြစ်ပါသည်။ ထိုဝါဒအား အခြား ဘာသာတရားတိုင်းမှလည်း လက်ခံကာ အသက်ကောင်ဝိညာဉ် ရှိသည်ဟု ယူဆထားပါသည်။ အသက်ကောင်ဝိညာဉ် မရှိဟု အတိအလင်းဖွင့်ဆိုအယူရှိသော ဘာသာကား လောကတွင်  ဗုဒ္ဓဘာသာ တစ်ခုသာရှိပါသည်။ ပေတ၀ထ္တုများကိုမူ ဥပမာနှိုင်းပြရန်လိုအပ်သောအခါ ၊ အများပရိသတ် သံဝေဂ ရစေခြင်း ရှိရန်လိုသောအခါတွင်သာ ဟောပြခဲ့ပါသည်။ အသက်ကောင်ဝိညာဉ်များ လောကတွက် ရှိနေသည် ၊ ပြိတ္တာအသူရကာယ်တို့က လောကကို ခြောက်လှန့်ကြောက်ရွံ့စေသည်ဟု မြင်စေလိုသော ရည်ရွယ်ချက်ဖြင့်  ဗုဒ္ဓ မဟောကြားခဲ့ပါ။ ထို့အတွက်ကြောင့် ပြိတ္တာ၊ အသူရကာယ်များ ရှိသည်မှာ မှန်ကန်သည်ဟု ထပ်ဆင့်ပြောလိုပါသည်။ သို့သော် ထိုပြိတ္တာအသူရကာယ်များသည် လူသားများထက် နိမ့်ကျသူများဖြစ်သဖြင့် လူသားတို့အား မည်သည့်အန္တရယ်မှ ပြုမှုနိုင်ခြင်း မရှိသည့်အတွက် ကြောက်ရွံ့ရန် မလိုပါ.. “ လူသားများ ကြောက်ရွံ့နေသည့် သရဲ တကယ်မရှိပါ” ။ လူသားများ ကြောက်ရန် မလိုအပ်သည့် သရဲ တစ္ဆေခေါ် ပြိတ္တာ အသူရကာယ်များသာ ရှိပါသည်။ အမှန်တကယ်ကြောက်လန့်ရမည်မှာ ထိုသို့ သရဲ ခေါ် ပြိတ္တာများ ဖြစ်မသွားရန်ပင် ဖြစ်ပါသည် ။  ယခုအခါ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ သာသနာ နေလိုလလို ထွန်းလင်းနေသည် ဆိုသော်ငြားလည်း သရဲ တစ္ဆေယုံကြည်မှု ၊ နတ်ကိုးကွယ်မှု ( နတ်များသည်လည်း ပြိတ္တာများသာဖြစ်ပါသည်) ၊ စုန်း ကဝေ ယုံကြည်မှုများမှာလည်း သာသနာနှင့်အပြိုင်နေရာယူ ထားနိုင်သည်ကို တွေ့ရပါသည်။ ခေတ်ပညာတတ်များ၊ ခေတ်ပညာမတတ်သူများ ရာခိုင်နှုန်းအတော်များများသည် ယုံကြည်လျက်ရှိပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလျှင် သရဲ တစ္ဆေဇတ်ကားများ ကြောင့် နိုင်ငံသားတိုင်း နီးပါး သရဲ တစ္ဆေကို အလွန်ကြောက်ရွံ့သူများဖြစ်နေပါသည်။ ထိုသို့ ကြောက်ရွံ့သည့်အတွက် ဘုန်းတော်ကြီးများထံမှ အင်းအိုင် ခလှဲ့ လက်ဖွဲ့များ ၊ ဘုရားပုံတော်များ အား အကာအကွယ် အတားအဆီးအဖြစ် လည်ပင်းတွင် ဆွဲထားသည်ကို တွေ့ဖူးသူများပါလိမ့်မည်။ မြတ်စွာဘုရားသည် ဝေသာလီပြည်တွင် ကပ်ကျရောက်နေသောအခါ ရတနသုတ်တော် ရွတ်ခိုင်းပြီး ဝေသာလီအား ကယ်တင်ခဲ့ပါသည်။ သို့သော် သရဲတစ္ဆေများအား ပယောဂ ဆရာတစ်ဦးသဖွယ် နှိမ်နှင်းခြင်း မဟုတ်ပါ။ ဂါထာကို နာကြားလိုသော အဆင့်မြင့်မားသောနတ်ဗြဟ္မာများ လာရောက်တရားနာသည့်အတွက်အဆင့်နိမ့်ပါးသော ပြိတ္တာအသူရကာယ်များ မြို့တွင်းမှ ထွက်ပေးရခြင်းဖြစ်ပါသည်။  မဟာဂရုဏာတော်ရှင် မြတ်စွာဘုရားက ပြိတ္တာ များကို အနိုင့်အထက် မောင်းထုတ် လူသားကို ကယ်တင်မည်ဟု မှတ်ယူနေခြင်းသည် ယုတ္တိကင်းလှပါသည်။ ဘုရားရှင်၏ အသရေတော် ၊ သာသနာတော်၏ အသရေတော်ကို ဖျက်ဆီးနေခြင်းပင် ဖြစ်ပါသည်။ ထိုကဲ့သို့ မြတ်စွာဘုရားအား သရဲကာ တစ္ဆေကာ အဖြစ် သဘောထားခြင်းသည် ယခုခေတ် အဆိုရ လျှင် မြတ်စွာဘုရားအား Security သဖွယ် သဘောထားဆက်ဆံ နေခြင်းဖြစ်ပါသည်။ အရင်းမြစ်မှာ သရဲ တစ္ဆေအား အကြောက်လွန်ခြင်း၊ ယုံကြည်လွန်းခြင်းကြောင့် ဖြစ်ပါသည်။ မြတ်စွာဘုရားကား မည်သည့် အခါတွင်မှ သရဲ တစ္ဆေအား ကြောက်ရွံစရာဟု မဟောခဲ့ပါချေ။ ထိုဘ၀ရောက်အောင် တွန်းပို့ခဲ့သော သူတို့၏ အကုသိုလ်ကံကိုသာ ကြောက်ရွံ့ရန် ဟောပြောခဲ့ပါသည်။ ခုတ်ရာတခြား ရှရာတလွဲ မဖြစ်သင့်ပေ။  လမ်းတွင် ညတစ်ဦးတည်း ကားမောင်းပါက သရဲ တစ္ဆေကို အလွန်ကြောက်ရွံ့ ယုံကြည်သူ တစ်ဦးစိတ်သည် ခြောက်ခြားကာ တည်ငြိမ်မှု မရှိသောကြောင့် အာရုံစူးစိုက်မှုပျက်ပြားကာ မတော်တဆမှု ဖြစ်ပွားရန် အလားအလာများစွာရှိပါသည်။ ထိုကဲ့သို့ ကြောက်ရွံ့မှုအား ကျော်ဖြတ်ရန် ရဲဆေး သဘောဖြင့် အရက်သောက်ကားမောင်းသူများလည်း ရှိပါသည်။ ပိုမိုကာ မတော်တဆမှုများကိုသာ ဖြစ်ပွားစေပါသည်။ ထို့ကဲသို့ဖြစ်ရသည်မှာ သရဲ ယုံကြည်မှုကြောင့်ဖြစ်ပါသည်။ ဗီဒီယို ဇတ်ကားများတွင်လည်းကောင်း၊ အင်တာနက်မှ တင်ထားသည့် အတုသော်လည်းကောင်း အစစ်သော်လည်းကောင်းဖြစ်နိုင်သည့် မပီဝိုးတ၀ါး ပုံရိပ်များကို မိမိစိတ်တွင် ထင်ထင်ရှားရှား ခံစားနေခြင်းကြောင့်ဖြစ်ပါသည်။ သရဲနှင့်ပတ်သက်လျှင် စူးစမ်းဆင်ခြင်ကင်းစွာဖြင့် ယုံကြည်လိုက်သောကြောင့် ဖြစ်ပါသည်။  ၃၁ ဘုံတွင် အရူပဘုံမှ အပ အခြား ဘုံသားများသည် မိမိပိုင် ခန္ဓာရှိသူများ ဖြစ်ပြီး မိမိ ကံအလျောက်ဖြစ်ပေါ်နေသော ကိုယ်များကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ ပြိတ္တာ များနှင့် အကြောင်းတိုက်ဆိုင်တွေ့ရှိခဲ့သည် ဆိုလျှင် ထိုသူတို့သည် ကံအရ ဆိုးရွားသော ကိုယ်များရှိနေသည်မှ အပ ၊ ရုပ်ရှင်များကဲ့သို့ ဂုတ်ခွစီးခြင်း ၊ လက်မြှောက်ပြီး ၀ူးဝူးဝါးဝါး အော်ကာ ခြောက်ခြင်းများ မဖြစ်နိုင်ပါပေ။ အနံ့ဆိုးများ ရခြင်းနှင့် မည်းမည်းကြီး တွေ့သည် ဆိုသော အရိပ်မည်းများမှာ မှုကား မိမိစိတ်၏ ထင်ယောင်မှားမှုဖြစ်နိုင်ခြေ ၉၀ % ခန့်ရှိနေသည်မို့ ပြိတ္တာနှင့် တွေ့ရှိခဲ့သူများကဲ့သို့ ထိုအရာများ တွေ့တိုင်း သရဲခြောက်သည်ဟု ပြောဆို မရနိုင်ပါပေ။ အချုပ်အားဖြင့် ဆိုရလျှင် ယခု မြန်မာနိုင်ငံတော်တွင် သာသာနာတော်သည် ထွန်းကားပျံ့ပွားနေသည် မှန်သော်ငြားလည်း သရဲ တစ္ဆေယုံကြည်မှု နတ်ကိုးကွယ်မှုတို့က ပိုမိုကာ အားကောင်းလာနေသည်ကို တွေ့မြင်နေရပါသည်။ Facebook သည် ယခုခေတ် ပညာတတ်လူငယ်တိုင်း အသုံးပြုလျက်ရှိသော လူမှုရေး ဆိုက်တစ်ခုဖြစ်ပါသည်။ ထိုလူငယ်များအကြား သရဲတစ္ဆေယုံကြည်မှုအား စူးစမ်း ဆင်ခြင်မှု ကင်းစွာ တိုးတက်လာနေခြင်း၊ ကြောက်ရွံ့ မှုများ ဖြစ်လာနေခြင်းကို တွေ့ရှိနေရပါသည်။ သရဲ တစ္ဆေများအ ကြောင်းအား ရသ စာပေ တစ်ခု အဖြစ် ဖတ်ရှုခြင်းသည် မည်သည့် အပြစ်မှ မဖွဲ့ဆိုသာပါ။

                    သရဲ တစ္ဆေများသည် လူသားအား လွှမ်းမိုးချုပ်ကိုင်လာနေသကဲ့သို့ တကယ့် ကြောက်ရွံ့ စရာများ ၊ အလေးပေးရမည့် အရာများဟု ထင်မှတ်လာခြင်း မရှိစေရန် ကာကွယ်သင့်ပေသည်။ ဗုဒ္ဓဘာသာ အမည်ခံကာ ဘာသာခြား အယူအဆဖြစ်သည့် ကိုယ်ခန္ဓာတွင် အသက်ကောင် ၀ိညာဉ်ရှိသည်ဟု အယူအဆမှားများ မပြန့်ပွားလာစေရန် လည်းကာကွယ်သင့်ပေသည်။ ထို့ကြောင့် လူသားများ ကြောက်ရွံ့ ရန်မလိုသည့် သရဲတစ္ဆေပြိတ္တာအသူရကယ်များ အမှန်တကယ် ရှိပါသည်။  “  လူသားများ ကြောက်ရွံ့နေသည့် သရဲ တကယ်မရှိပါ  ”

မိုးယံမင်းလွင်

“ အရုဏ်မတက်မီ မနက် ၄ နာရီ ”


အရုဏ်မနက်မီ မနက် ၄ နာရီ



            ကျောထဲထိအောင့် အေးစိမ့်လာမှုကို သူ ရုတ်တရက်ခံစားလိုက်ရသည်။
          မီးဖွင့်လိုက်ရမလား..ဟင့်အင်း မီးခလုတ်က သူ့အိပ်ယာဘေးမှာ ရှိသည်မှ မဟုတ်ပဲ။ မီးခလုတ်ဖွင့်ဖို့ သွားလျှင် ခုတင်အောက်ကို ဆင်းရမည် .. ခြင်ထောင်ထဲမှ ထွက်ရမည်။ မဖြစ်ပါ။ နောက်ကျောမလုံဆိုသည့် ခံစားချက်ကို ယခုမှ တိတိကျကျခံစားဖူးလေသည်။ နောက်ကျောဘက်ကိုပင် မလုံဟု ခံစားနေရသဖြင့် ကုတင်အောက်ဆင်းပြီး ခြင်ထောင် အပြင်ထွက်ဖို့စိတ်ကူးကို လက်လျှော့လိုက်သည်။ ချည်စောင်ပါးလေးကို ခြေမကြားထဲညှပ်ကာ ခေါင်းထိ ဆွဲခြုံပစ်လိုက်သည်။ လုံခြုံပြီဟုတော့ မခံစားရသေးပေမယ့် အနည်းငယ်တော့ အကြောက်သက်သာသွားသည်။ မသက်သာတာကတော့ အိုက်စပ်ပြီး အသက်ရှုကျပ်လေသည်။ အတော်နှိပ်စက်သော သရဲပါလား။ ခရီးထွက်သွားသော့ အဖေ့ကို စိတ်ဆိုးရမလား။ လမ်းထိပ်အိမ်ကအလှုသို့ ညအိပ်သွားကူနေသည့် အမေ့ကို အပြစ်တင်ရမလား။ အခုခြောက်လှန့်နေသော သရဲကိုပင် ဒေါသ ထွက်ရမလား မသိပါ။ သေချာတာကတော့ သရဲကြောက်တတ်သော သူ့အဖို့ ညတစ်ညလုံး အိမ်မှာ တယောက်တည်း ဖြတ်သန်းရဖို့သည် အတော့်ကို မလွယ်သော ကိစ္စပင်ဖြစ်သည်။ အဖေနှင့် အမေ ရှိသော ညတွေက မခြောက်ပါ။ သူလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်က များသည်။ ယခုတော့ ကြည့်ပါဦး။ အသံတွေ ပေးလိုက် ၊ ညည်းလိုက် ၊ ပြေးလွှားလိုက်ဖြင့် တရစပ်ကို ခြောက်လှန့်နေလေတော့သည်။ အရင်က သရဲကားတွေ ထဲမှာ ကြောက်လန့်စရာတွေ ကြည့်ပြီးလျှင် အဖေ့အဆူခံပြီး အဖေနှင့် အမေ့ အခန်းထဲဝင်ကာ အတင်းတိုးခွေ့ အိပ်နေကြပါ။ ယခုညကတော့ သူကူကယ်ရာမဲ့လေတော့သည်။ အာခေါင်ခြစ်ကာ အမေ့ကို အော်ခေါ်လိုက်ချင်သည်။ သို့သော်မအော်ရဲပါ။  အမေ့ထက် အရင် သရဲက သူ့အခန်းထဲ ၀င်လာနိုင်သည်မဟုတ်လား။ ဟော... မီးကင်းတဲက သံချောင်းခေါက်သံကြားရလေသည်။ ၃ ချက် ... ဒါဆို မနက် ၃နာရီပေါ့။ အလင်းရောင် လာမိုးလင်းဖို့ ၂ နာရီ ၃ နာရီခန့် လိုသေးသည်။ အတင်းဖျစ်ညှစ်အိပ်ဖို့ ကြိုးစားရမည်။ ဟင့်အင်း .. မရပါ။ ပြူးကြောင်နေသော မျက်လုံးအစုံကို မှန်မကြည့်ပဲနှင့် ခံစားမိလေသည်။ မိုးလင်းဖို့ ၃ နာရီကို သူ ဘယ်လိုဖြတ်သန်းရပါ့မလဲ။ ...ပိုမို ကြောက်ရွံ့ဖွယ်ကောင်းလာနေသည်။ ဟုတ်သည် .. အဲဒီ အသံ ခြေသံ ခြေသံက သူ့ အခန်းဆီသို့ တဖြေးဖြေးရွေ့လာနေသည်ကို ခံစားနေရသည်။. ဘုရား ဘုရား.. ဟုတ်ပြီ .. ဘုရား စာ ရွတ်ရမည်။ ဘုရားစာ ဘယ်က စရွတ်ရမည်နည်း။  ချွေးတွေပဲ ပြန်လာသည်။ မေတ္တသုတ်။ မေတ္တသုတ် ရွတ်မည်။ ဟင့်အင်း အစကိုလည်း မေ့နေသည်။ နေ့တိုင်းစာအုပ်ကြည့်ကာ ရွတ်နေမိသော ကိုယ့်ကိုယ်ကို အခုမှ အမြင်ကတ်မိသည် ။ ဟုတ်ပြီ ။ သံဗုဒ္ဓေ ရွတ်ရမယ်.. သူရသည့် ဂါထာပေပဲ။... သံဗုဒ္ဓေ .. အဌာဝသေ... ... .. ဟင့်အင်း .. ခြေသံက ပိုပိုပြီး နီးကပ်လာနေသည်။ မရပါ ဘာကို မှ ဆက်ရွတ်နိုင်စွမ်း မရှိတော့။ ရှပ်ရှပ် ရှပ်ရှပ် မည်သံက သူ့အသက်ကို ခြွှေတော့မည်လား။ ဘယ်လိုပုံစံရှိနေမည်လဲ။ ဆံပင်ဖားရားနှင့် လျှာအရှည်ကြီးလား။ အား ... သူဆက်မတွေးရဲတော့။ ကြောက်လွန်းလို့ တုန်ယင်စပြုလာသည်။ ဟင်.. ခြေသံက သူ့အခန်းကို ကျော်သွားသည်။ တော်ပါသေးရဲ့။ ဒါဆို ဘယ်ကို သွားသည်လဲ။ မီးဖိုချောင်။ ဟုတ်သည် မီးဖိုချောင်ကို သွားဖို့ သူ့အခန်းကို ဖြတ်ရမည်။ ဒါဆို မီးဖိုထဲက အစားအသောက်တွေ စားဖို့ လာသည်ပေါ့။ နေ့လည်က အမေ၀ယ်လာပြီး နှပ်ထားသည် အမဲသားအိုးကို သတိရမိသည်။ ဟုတ်ပါပြီ။ အမဲသားနံ့ရလို့ သရဲလာတာပဲဖြစ်ရမည်။ ကြောက်စရာကောင်းလှသည်။ ဒါဆို အင်တာနက်မှ ဖတ်ခဲ့သည်က သေချာနေပြီ။ အမဲသားနံ့ရရင် သရဲလာတတ်သည်တဲ့။ ဘုရားဘုရား.. သရဲက အမဲသားစားလို့ မ၀လို့ သူ့ကို လာစားရင် ဒုက္ခ။ အမေကယ်ပါ။ အဖေကယ်ပါဦး။ သူအရမ်းကို ကြောက်နေမိသည်။ ....ဟော... မီးဖိုထဲမှ အသံတွေ ကြားနေရသည်။ အိုးခွက် ပန်းကန်ရွှေ့သံ ၊ ရေခဲသေတ္တာဖွင့်သံ၊ ခပ်ကြမ်းကြမ်း မဟုတ်ပေမယ့် တိတ်ဆိတ်သော ညမို့ အသံအားလုံး သူကြားနေရသည်။ ဒီပစ္စည်းတွေတောင် ကိုင်လို့ ရသော သရဲဆိုတော့ တန်ခိုးရှိသော သရဲဖြစ်ရမည်။ ဒါဆို သူ့ကိုများ ဂုတ်ချိုးသတ်လျှင် မလွယ်။ သူအသက်ပင် ပြင်းပြင်း မရှုရဲတော့။ ကြောက်စိတ်ကြောင့်ရော စောင်ကြီးခြုံထားတာရောကြောင့် ချွေးတို့က ရေချိုးနေသည့်အလား။ မသုတ်ရဲပါ။ ထိုချွေးတို့ကို သုတ်လိုက်လို့ အသံထွက်သွားလျှင် သရဲ သူ့ဆီ ရောက်လာလိမ့်မည်လေ။ အတတ်နိုင်ဆုံး မိုးလင်းသည် အထိ မည်သည့်အသံမှ မထွက်ပဲ သူနေမှ ဖြစ်မည်။ အလင်းရောင်လာလျှင် သရဲတို့ မနေနိုင်ဆိုတာတော့ သူသေချာသိလေသည်။ မိုးရယ် အမြန်သာ လင်းပါတော့ ဟုပဲ ဆုတောင်းမိလေတော့သည်။ ဟော... သရဲက တစ်ကောင်တည်းမှ မဟုတ်ပဲ .. အုပ်စုနဲ့ကို ဖြစ်ရမည်။ .. ညည်းသံ ဟုတ်သည် အစကတည်းက ကြားနေရသော အသံကို အိမ်ရှေ့ လှေကားအတက် ၀ရန်တာမှ ပြောင်းပြီး ကြားနေရသည်။ ခပ်တိုးတိုး ဒါပေမဲ့ လေးလေးပင်ပင် ညည်းညူနေသော အသံဖြစ်သည်။ အသံက လေးပင်ပြီး အတော်မောနေသံမို့ အဖွားကြီးအို သရဲဖြစ်မည် ထင်သည်။  သူတော့ ယနေ့ညအတွက် မျှော်လင့်ချက် မရှိတော့ပြီ ထင်သည်။ မီးဖိုထဲမှ သရဲကလည်း အိမ်ရှေ့နှင့် မီးဖိုချောင် ကို အထပ်ထပ် အခါ လျှောက်ပြေးနေပြန်သည်။ အိမ်ရှေ့က အဖွားကြီးသရဲကလည်း ညည်းသည်။ သူ့အတွက်တော့ ကြောက်စရာ့ သရဲသံစုံ တီးဝိုင်း တစ်ခုအလား ထင်မိသည်။ ဟော... ၄ ချက် .. မီးကင်းတဲက ခေါက်သံက လေးချက်... ဒါဆို မိုးလင်းဖို့ သိပ်မလိုတော့ဘူးပေါ့။ သရဲများကတော့ သောင်းကျန်းဆဲ... အသံတွေကို နားစွင့်နေရင်း တစ်ညလုံး မအိပ်ရသေး၍ထင် သူငိုက်မြည်းစ ပြုလာသည်။ ခြေသံများ .. ညည်းညူသံများ... တစ်လှည့်စီ  တစ်လှည့်စီ ကြားနေရရင်းဖြင့် သူ့မျက်စိတွေ လေးလံလာနေသည်။ သူပင်ပန်းလှပါပြီ..........။ 
    
            အို.. သရဲတွေကို မြင်နေရသည်.။ လမ်းလျှောက်သွားနေသော သရဲမှာ ခေါင်းမပါ.. ကိုယ်လုံးသက်သက်ဖြင့် သွားနေခြင်းဖြစ်သည်။ ညည်းညူနေသော အဖွားကြီး သရဲမှာ .. ဘယ်လိုရုပ်ရည်လို့ သတ်မှတ်ရမည် မသိ ..နှာခေါင်းက ချွန်ပြီးကောက်နေသည်။  ဆံပင် က ခပ်ကွေးကွေး လိမ်လိမ် လေးများ ဆယ်ချောင်း တစ်စု လောက်ကို အနည်းငယ်သာ ပေါက်နေသဖြင့် ကတုံးနီးပါး ဖြစ်သော ဦးခေါင်းနှင့် ငုတ်တုတ် ထိုင်နေသဖြင့် ဒူးခေါင်းတွေ ကြားထဲ ခေါင်းကြီးက ရောက်နေကာ ကိုယ်မပါသော သူတစ်ယောက်အလားပင်။... ဘုရားဘုရား ကြောက်ဖို့ ကောင်းလိုက်လေခြင်း။ ဟင်.. ကိုယ်လုံးသက်သက် သရဲက သူ့နားတိုးကပ်လာနေသည်။ ဟင့်အင်း မလာပါနဲ့ ။ မထွက်.. စကားသံတွေ သူ့နှုတ်ခမ်းက ထွက်မလာတော့...။ ခေါင်းပဲ အတင်း ခါယမ်း ထုတ်ကာ ကိုယ်ကိုကျုံ့ပြီး ငြင်းဆန်နေမိသည်။ ကျေးဇူးပြုပြီး သူ့နား ကပ်မလာပါစေနဲ့။ သူ့ ဆုတောင်း မပြည့်ခဲပါ။ အနားထိ ရောက်လာသည်။ ကပ်လာသည်။.... နောက်တော့.. ........သူ့လက်ကို အမိအရ ဖမ်းဆပ် ကိုင်လိုက်လေသည်။ လက်ကို ဖမ်းဆုပ်လိုက်သော်လည်း အသည်း နှလုံးကို ဆွဲညှစ်သလို ခံစားလိုက်ရသည်။ ထိုသရဲက လက်ကို ဖမ်းဆုပ်ပြီး အသံထွက်လာသည်...။ သူသိသည်။ သို့သော အဝေးကြီးမှ လာနေသကဲ့သို့သာ ကြားနေရသည်။ .. ဘာကို ပြောနေသည်လည်း.......... သူရင်းနှီးသော အကြောင်းအရာတော့ဖြစ်သည်။.....

....
...
..
............
...
“ ညီညီ ... ဟဲ့..... ညီညီ... ထစမ်း အခု ထစမ်း”

သရဲက သူ့နာမည်က ခေါ်သည်.. လက်ကိုလည်း ကိုင်လှုပ်ဆွဲယမ်းနေသေးသည်။..

“ညီညီ”
နားနား ကပ်ခါ အော်ထည့်လိုက်သော အသံကြောင့် ငေါက်ကနဲပင် ထထိုင်မိသည်။ သရဲ..ဟင့်အင်း သရဲ မဟုတ် အမေပဲ။ မိုးစင်စင်လင်းနေပြီ။ ဒါဆို သူအိပ်ပျော်သွားသည်ပေါ့။

“ဟဲ့ ညီညီ. ... နင် .. ဘယ်လိုများ အိပ်နေသလဲဟင်.. ဒီလောက်တောင် အိပ်ပုတ်ကြီးရသလား”
ဟင့်အင်း အမေမှားပြီ၊ သူ ညက တစ်ညလုံး ပင် အိပ်မပျော်ခဲ့ပါ။ ၄ နာရီ အထိ မျက်စိအကြောင်သားဖြင့် ရှိနေခဲ့ရသည်လေ။.
.......
...
...
..
ခပ်ရှက်ရှက်သာ ပြုံးမိသည်။ အမေကတော့ အိပ်ရေးပုတ်လှချေရဲ့လို့ လူတိုင်းကို ပြောနေတော့မည်။ သား မနေ့ညက မနက် ၄ နာရီထိ အိပ်မပျော်ခဲ့ပါဘူးဟု အမေ့ကို သူမပြောဖြစ်လိုက်တော့ပါ။
အိမ်ရှေ့ဝရန်တာတွင် သေဆုံးနေသော ခိုတစ်ကောင်တွေ့သည်။
အဲ မီးဖိုချောင်လား။
မီးဖိုချောင်ကတော့ ဟင်းလင်ပြင်နီးပါး ကျန်ခဲ့သည်။
ပန်းကန်ခွက်ယောက်များ၊ ဟင်းချက်အိုးများ ၊ ပေါင်းအိုး များသာ မက ဟင်းချက်စရာများနှင့် အမေနှပ်ထားသော အမဲသားအိုးပါ တက်တက်စင်ပြောင်နေလေသည်။
အေးအေးဆေးဆေး စိမ်ပြေနပြေကိုခိုးသွားတာဖြစ်မည်ဟု ခရီးက ပြန်လာသော အဖေက မှတ်ချက်ချသည်။
ဟင့်အင်း .. အဖေရယ.်.... အဲဒါ သရဲစားသွားတာပါ...........။ သူစိတ်ထဲကပဲ ပြောဖြစ်လိုက်တော့သည်...။ အဖေက သရဲ မကြောက်တတ်သူတစ်ဦးမို့ပင်။
ဘာပဲပြောပြောဒီညတော့ သူ ကောင်းကောင်းအိပ်ပျော်တော့မည်မှာတော့ သေချာလေပြီ။ အမေရယ် အဖေရယ်...ပြန်လာပြီကိုး။ ဆိုင်က၀ယ်စားသော ထမင်းက အမေ့မျက်စောင်းလေးနှင့်မို့ နင်တင်တင်ပေမယ့် လက်ရာ အပြောင်းအလဲလေးမို့ ပိုစားဝင်သလို ခံစားမိသည်။ အမေသာ သူ့စိတ်သိလျှင် မျက်စောင်းကနေ လက်စောင်းအဖြစ်ခေါင်းပေါ်ရောက်လာနိုင်သေးရဲ့။ .... ကဲ ဘာပဲပြောပြော ဒီညတော့ အိပ်ပျော်တော့မည် .. ဟိုဖက် အခန်းမှာ အဖေနဲ့ အမေရှိသည့်မို့ သူစိတ်ချလက်ချအိပ်ပျော်ပါသည်။... အော် .. အိပ်မပျော်ခင်တော့ .. ပြောဖြစ်အောင် ပြောရဦးမည်။.... ခပ်တိုးတိုးလေးမှဖြစ်မည် .. အမေမကြားအောင်ပေါ့.. “ အမေ့ အမဲသားနှပ်အိုးကို သရဲခိုးတာပါ ” ဟု။

မိုးယံမင်းလွင်

Saturday, January 7, 2012

“ ရင်ခုန်စရာ ပန်းရောင်စာမျက်နှာ “






လူရယ်လို့ဖြစ်လာရင် အတော်များများသော လူတွေနဲ့ ကင်းလို့မရတဲ့ အရာထဲမှာအချစ်လည်း ပါပါတယ်။ အဲဒီအချစ်က ပျော်ရွင်မှုတွေ ၊ ၀မ်းနည်းမှုတွေ၊ အောင်းမေ့သတိရစရာတွေ၊ နာကျည်းစရာတွေကိုလည်း ဖန်းဆင်းပေးတတ်ပါတယ်။ ဒီလို အချစ်တွေထဲမှာ ထာဝရပေးဆပ်ပြီး သည်းခံခွင့်လွှတ်ခြင်းတွေနဲ့  ချစ်နေတတ်တဲ့သူတွေလည်း ရှိတတ်ပြန်ရော။ အဲဒီလို အချစ်မျိုးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး အဲဒီလို အချစ်မျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါလားလို့ အချိန်မှီသိခွင့်ရခဲ့တာဘ၀ရဲ့ သာယာချမ်းမြေ့မှုပါပဲ။ ဒီလို ရင်ခုန်ချင်စရာ ကောင်းတဲ့ ဘ၀ရဲ့ ပန်းရောင် စာမျက်နှာလေးတွေကို ပြန်လည် သတိ ရမယ်ဆိုရင်……………။
ဆောင်းနှင်းကြွင်းတို့က ခပ်ငွေ့ငွေ့ ကျန်နေသေးသည်။ တရားလွန် အေးမြမှုကနေ လွန်မြောက်ပြီး နေခြည်နွေးနွေးလေးတွေ ကျရောက်လေ့ရှိတဲ့ ဖေဖော်ဝါရီကို ရောက်ပြန်လေပြီ။ တောင်ပေါ်မြေက အရင်အတိုင်းပင် လှမြဲ ၊ လေထုတွေက ရှင်းသန့်ဆဲပင်။ ဒီတောင်ပေါ်မြို့လေးသည် ကျနော့်ဇာတိမြို့ဖြစ်သလို သူနဲ့ ကျနော်ရဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ အမှတ်တရနေရာလေးလည်းဖြစ်တာပေါ့ဗျာ။ ရန်ကုန်လို မြို့တော်ကြီးမှာ နေတဲ့ သူက ကျနော့်ရဲ့ တောင်ကြီးမြို့လေးကို ချစ်သလို ကျနော့်ကိုလည်း သိပ်ချစ်ခဲ့တာပါ။ လေးနှစ်ဆိုတဲ့ ချစ်ခရီးလမ်းမှာ သိပ်ဆိုးတတ်တဲ့ ကျနော့်ကို ခွင့်လွှတ်ခြင်း အမျိုးမျိုးတွေနဲ့လည်း သူချစ်ခဲ့ပါရဲ့။ မိုင်တွေ အဝေးကြီးဝေးသွားလည်း ပြန်လာမယ့်ရက်ကို သူစောင့်မျှော်နေတတ်ပါရော။ ဘယ်ခရီးသွားသွား လိုက်ပို့ရင်း တိတ်တိတ်လေး ခိုးခိုးငိုနေတတ်သူလေးပေါ့ဗျာ။ ကျနော်လား။ ကျနော်ကတော့ အချစ်ကို အဲသလောက် အလေးအနက်မထားခဲ့မိပါဘူး။ ခပ်ပျော်ပျော်ပဲနေခဲ့ ခပ်ရှုပ်ရှုပ်ကဲခဲ့တာလေ။ ဆူပူမှုတွေ ငြူစူမှုတွေ ရှိပေမဲ့ ဘယ်တော့မှ လက်တွဲ မဖြုတ်ခဲ့တဲ့ ချစ်သူလေးကတော့ အမြဲ ကျနော့်အတွက် ရှိနေခဲ့တာတဲ့။ ခုတော့လည်း လေးနှစ်ပြည့်မြောက်မယ့် ဖေဖော်ဝါရီလလေးကို ရောက်ရှိလာပါပြီ။ အရင်လိုလည်း မရှုပ်ခြင်တော့ဘူး၊ ဘယ်သူ့ကိုမှ လည်း ရင်ထဲက မပါတဲ့ ချစ်တယ်ဆိုတဲ့စကား မပြောချင်တော့ဘူး။ ဘာလို့လဲ သိလား။ သူ့ကို ကျနော် ချစ်တတ်လာခဲ့ပြီ။ သူ့တန်ဖိုးကို ကျနော် နားလည်လာခဲ့ပြီလေ။ ကဲ ဒီတော့ ချစ်သူတိုင်းပျော်မြူးနေမယ့် မျှော်လင့်နေမယ့်ဖေဖော်ဝါရီလလေးမှာ ကျနော် သူ့ဆီကို အရောက်ပြန်မယ် ။ အတူတူ လျှောက်လည်မယ် ။ အရင်လို ရန်မဖြစ်အောင် သူ့ရဲ့ ဇီဇာကြောင်မှုလေးတွေကိုလည်း ကျနော် သည်းခံမယ်။ ပြီးတော့ သူသိပ်ချစ်တဲ့ သတ္တ၀ါလေးတွေကို ကြည့်ဖို့ သူနဲ့ အတူ တိရစ္ဆာန်ဥယျာဉ်ကိုလည်း သွားရဦးမယ်။ လေးနှစ်ပြည့်မြောက်တဲ့ အထိ သေသေချာချာ မပြောဖြစ်ခဲ့တဲ့ ချစ်တယ် ဆိုတဲ့ စကားကို ကျနော် ခမ်းခမ်းနားနားလေး ဖွင့်ပြောရဦးမယ်။ ပြီးတော့လား.. ..သိတယ်ဟုတ်... အဲဒီစကားလေးကိုလည်း ကျနော် ပြောဖို့ ဆုံးဖြတ်ထားတယ်ဗျ… Will you marry me ?

မိုးယံမင်းလွင်