Moe Yam Min Lwin is just Moe Yam Min lwin. မိုးယံမင်းလွင် ဆိုတာ.. မိုးယံမင်းလွင် သက်သက်ပါပဲ.. ....
Showing posts with label My Short Story. Show all posts
Showing posts with label My Short Story. Show all posts
Monday, April 9, 2012
Monday, January 9, 2012
“ အရုဏ်မတက်မီ မနက် ၄ နာရီ ”
| အရုဏ်မနက်မီ မနက် ၄ နာရီ |
ကျောထဲထိအောင့် အေးစိမ့်လာမှုကို သူ ရုတ်တရက်ခံစားလိုက်ရသည်။
မီးဖွင့်လိုက်ရမလား..ဟင့်အင်း မီးခလုတ်က သူ့အိပ်ယာဘေးမှာ ရှိသည်မှ မဟုတ်ပဲ။ မီးခလုတ်ဖွင့်ဖို့ သွားလျှင် ခုတင်အောက်ကို ဆင်းရမည် .. ခြင်ထောင်ထဲမှ ထွက်ရမည်။ မဖြစ်ပါ။ နောက်ကျောမလုံဆိုသည့် ခံစားချက်ကို ယခုမှ တိတိကျကျခံစားဖူးလေသည်။ နောက်ကျောဘက်ကိုပင် မလုံဟု ခံစားနေရသဖြင့် ကုတင်အောက်ဆင်းပြီး ခြင်ထောင် အပြင်ထွက်ဖို့စိတ်ကူးကို လက်လျှော့လိုက်သည်။ ချည်စောင်ပါးလေးကို ခြေမကြားထဲညှပ်ကာ ခေါင်းထိ ဆွဲခြုံပစ်လိုက်သည်။ လုံခြုံပြီဟုတော့ မခံစားရသေးပေမယ့် အနည်းငယ်တော့ အကြောက်သက်သာသွားသည်။ မသက်သာတာကတော့ အိုက်စပ်ပြီး အသက်ရှုကျပ်လေသည်။ အတော်နှိပ်စက်သော သရဲပါလား။ ခရီးထွက်သွားသော့ အဖေ့ကို စိတ်ဆိုးရမလား။ လမ်းထိပ်အိမ်ကအလှုသို့ ညအိပ်သွားကူနေသည့် အမေ့ကို အပြစ်တင်ရမလား။ အခုခြောက်လှန့်နေသော သရဲကိုပင် ဒေါသ ထွက်ရမလား မသိပါ။ သေချာတာကတော့ သရဲကြောက်တတ်သော သူ့အဖို့ ညတစ်ညလုံး အိမ်မှာ တယောက်တည်း ဖြတ်သန်းရဖို့သည် အတော့်ကို မလွယ်သော ကိစ္စပင်ဖြစ်သည်။ အဖေနှင့် အမေ ရှိသော ညတွေက မခြောက်ပါ။ သူလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်က များသည်။ ယခုတော့ ကြည့်ပါဦး။ အသံတွေ ပေးလိုက် ၊ ညည်းလိုက် ၊ ပြေးလွှားလိုက်ဖြင့် တရစပ်ကို ခြောက်လှန့်နေလေတော့သည်။ အရင်က သရဲကားတွေ ထဲမှာ ကြောက်လန့်စရာတွေ ကြည့်ပြီးလျှင် အဖေ့အဆူခံပြီး အဖေနှင့် အမေ့ အခန်းထဲဝင်ကာ အတင်းတိုးခွေ့ အိပ်နေကြပါ။ ယခုညကတော့ သူကူကယ်ရာမဲ့လေတော့သည်။ အာခေါင်ခြစ်ကာ အမေ့ကို အော်ခေါ်လိုက်ချင်သည်။ သို့သော်မအော်ရဲပါ။ အမေ့ထက် အရင် သရဲက သူ့အခန်းထဲ ၀င်လာနိုင်သည်မဟုတ်လား။ ဟော... မီးကင်းတဲက သံချောင်းခေါက်သံကြားရလေသည်။ ၃ ချက် ... ဒါဆို မနက် ၃နာရီပေါ့။ အလင်းရောင် လာမိုးလင်းဖို့ ၂ နာရီ ၃ နာရီခန့် လိုသေးသည်။ အတင်းဖျစ်ညှစ်အိပ်ဖို့ ကြိုးစားရမည်။ ဟင့်အင်း .. မရပါ။ ပြူးကြောင်နေသော မျက်လုံးအစုံကို မှန်မကြည့်ပဲနှင့် ခံစားမိလေသည်။ မိုးလင်းဖို့ ၃ နာရီကို သူ ဘယ်လိုဖြတ်သန်းရပါ့မလဲ။ ...ပိုမို ကြောက်ရွံ့ဖွယ်ကောင်းလာနေသည်။ ဟုတ်သည် .. အဲဒီ အသံ ခြေသံ ခြေသံက သူ့ အခန်းဆီသို့ တဖြေးဖြေးရွေ့လာနေသည်ကို ခံစားနေရသည်။. ဘုရား ဘုရား.. ဟုတ်ပြီ .. ဘုရား စာ ရွတ်ရမည်။ ဘုရားစာ ဘယ်က စရွတ်ရမည်နည်း။ ချွေးတွေပဲ ပြန်လာသည်။ မေတ္တသုတ်။ မေတ္တသုတ် ရွတ်မည်။ ဟင့်အင်း အစကိုလည်း မေ့နေသည်။ နေ့တိုင်းစာအုပ်ကြည့်ကာ ရွတ်နေမိသော ကိုယ့်ကိုယ်ကို အခုမှ အမြင်ကတ်မိသည် ။ ဟုတ်ပြီ ။ သံဗုဒ္ဓေ ရွတ်ရမယ်.. သူရသည့် ဂါထာပေပဲ။... သံဗုဒ္ဓေ .. အဌာဝသေ... ... .. ဟင့်အင်း .. ခြေသံက ပိုပိုပြီး နီးကပ်လာနေသည်။ မရပါ ဘာကို မှ ဆက်ရွတ်နိုင်စွမ်း မရှိတော့။ ရှပ်ရှပ် ရှပ်ရှပ် မည်သံက သူ့အသက်ကို ခြွှေတော့မည်လား။ ဘယ်လိုပုံစံရှိနေမည်လဲ။ ဆံပင်ဖားရားနှင့် လျှာအရှည်ကြီးလား။ အား ... သူဆက်မတွေးရဲတော့။ ကြောက်လွန်းလို့ တုန်ယင်စပြုလာသည်။ ဟင်.. ခြေသံက သူ့အခန်းကို ကျော်သွားသည်။ တော်ပါသေးရဲ့။ ဒါဆို ဘယ်ကို သွားသည်လဲ။ မီးဖိုချောင်။ ဟုတ်သည် မီးဖိုချောင်ကို သွားဖို့ သူ့အခန်းကို ဖြတ်ရမည်။ ဒါဆို မီးဖိုထဲက အစားအသောက်တွေ စားဖို့ လာသည်ပေါ့။ နေ့လည်က အမေ၀ယ်လာပြီး နှပ်ထားသည် အမဲသားအိုးကို သတိရမိသည်။ ဟုတ်ပါပြီ။ အမဲသားနံ့ရလို့ သရဲလာတာပဲဖြစ်ရမည်။ ကြောက်စရာကောင်းလှသည်။ ဒါဆို အင်တာနက်မှ ဖတ်ခဲ့သည်က သေချာနေပြီ။ အမဲသားနံ့ရရင် သရဲလာတတ်သည်တဲ့။ ဘုရားဘုရား.. သရဲက အမဲသားစားလို့ မ၀လို့ သူ့ကို လာစားရင် ဒုက္ခ။ အမေကယ်ပါ။ အဖေကယ်ပါဦး။ သူအရမ်းကို ကြောက်နေမိသည်။ ....ဟော... မီးဖိုထဲမှ အသံတွေ ကြားနေရသည်။ အိုးခွက် ပန်းကန်ရွှေ့သံ ၊ ရေခဲသေတ္တာဖွင့်သံ၊ ခပ်ကြမ်းကြမ်း မဟုတ်ပေမယ့် တိတ်ဆိတ်သော ညမို့ အသံအားလုံး သူကြားနေရသည်။ ဒီပစ္စည်းတွေတောင် ကိုင်လို့ ရသော သရဲဆိုတော့ တန်ခိုးရှိသော သရဲဖြစ်ရမည်။ ဒါဆို သူ့ကိုများ ဂုတ်ချိုးသတ်လျှင် မလွယ်။ သူအသက်ပင် ပြင်းပြင်း မရှုရဲတော့။ ကြောက်စိတ်ကြောင့်ရော စောင်ကြီးခြုံထားတာရောကြောင့် ချွေးတို့က ရေချိုးနေသည့်အလား။ မသုတ်ရဲပါ။ ထိုချွေးတို့ကို သုတ်လိုက်လို့ အသံထွက်သွားလျှင် သရဲ သူ့ဆီ ရောက်လာလိမ့်မည်လေ။ အတတ်နိုင်ဆုံး မိုးလင်းသည် အထိ မည်သည့်အသံမှ မထွက်ပဲ သူနေမှ ဖြစ်မည်။ အလင်းရောင်လာလျှင် သရဲတို့ မနေနိုင်ဆိုတာတော့ သူသေချာသိလေသည်။ မိုးရယ် အမြန်သာ လင်းပါတော့ ဟုပဲ ဆုတောင်းမိလေတော့သည်။ ဟော... သရဲက တစ်ကောင်တည်းမှ မဟုတ်ပဲ .. အုပ်စုနဲ့ကို ဖြစ်ရမည်။ .. ညည်းသံ ဟုတ်သည် အစကတည်းက ကြားနေရသော အသံကို အိမ်ရှေ့ လှေကားအတက် ၀ရန်တာမှ ပြောင်းပြီး ကြားနေရသည်။ ခပ်တိုးတိုး ဒါပေမဲ့ လေးလေးပင်ပင် ညည်းညူနေသော အသံဖြစ်သည်။ အသံက လေးပင်ပြီး အတော်မောနေသံမို့ အဖွားကြီးအို သရဲဖြစ်မည် ထင်သည်။ သူတော့ ယနေ့ညအတွက် မျှော်လင့်ချက် မရှိတော့ပြီ ထင်သည်။ မီးဖိုထဲမှ သရဲကလည်း အိမ်ရှေ့နှင့် မီးဖိုချောင် ကို အထပ်ထပ် အခါ လျှောက်ပြေးနေပြန်သည်။ အိမ်ရှေ့က အဖွားကြီးသရဲကလည်း ညည်းသည်။ သူ့အတွက်တော့ ကြောက်စရာ့ သရဲသံစုံ တီးဝိုင်း တစ်ခုအလား ထင်မိသည်။ ဟော... ၄ ချက် .. မီးကင်းတဲက ခေါက်သံက လေးချက်... ဒါဆို မိုးလင်းဖို့ သိပ်မလိုတော့ဘူးပေါ့။ သရဲများကတော့ သောင်းကျန်းဆဲ... အသံတွေကို နားစွင့်နေရင်း တစ်ညလုံး မအိပ်ရသေး၍ထင် သူငိုက်မြည်းစ ပြုလာသည်။ ခြေသံများ .. ညည်းညူသံများ... တစ်လှည့်စီ တစ်လှည့်စီ ကြားနေရရင်းဖြင့် သူ့မျက်စိတွေ လေးလံလာနေသည်။ သူပင်ပန်းလှပါပြီ..........။
အို.. သရဲတွေကို မြင်နေရသည်.။ လမ်းလျှောက်သွားနေသော သရဲမှာ ခေါင်းမပါ.. ကိုယ်လုံးသက်သက်ဖြင့် သွားနေခြင်းဖြစ်သည်။ ညည်းညူနေသော အဖွားကြီး သရဲမှာ .. ဘယ်လိုရုပ်ရည်လို့ သတ်မှတ်ရမည် မသိ ..နှာခေါင်းက ချွန်ပြီးကောက်နေသည်။ ဆံပင် က ခပ်ကွေးကွေး လိမ်လိမ် လေးများ ဆယ်ချောင်း တစ်စု လောက်ကို အနည်းငယ်သာ ပေါက်နေသဖြင့် ကတုံးနီးပါး ဖြစ်သော ဦးခေါင်းနှင့် ငုတ်တုတ် ထိုင်နေသဖြင့် ဒူးခေါင်းတွေ ကြားထဲ ခေါင်းကြီးက ရောက်နေကာ ကိုယ်မပါသော သူတစ်ယောက်အလားပင်။... ဘုရားဘုရား ကြောက်ဖို့ ကောင်းလိုက်လေခြင်း။ ဟင်.. ကိုယ်လုံးသက်သက် သရဲက သူ့နားတိုးကပ်လာနေသည်။ ဟင့်အင်း မလာပါနဲ့ ။ မထွက်.. စကားသံတွေ သူ့နှုတ်ခမ်းက ထွက်မလာတော့...။ ခေါင်းပဲ အတင်း ခါယမ်း ထုတ်ကာ ကိုယ်ကိုကျုံ့ပြီး ငြင်းဆန်နေမိသည်။ ကျေးဇူးပြုပြီး သူ့နား ကပ်မလာပါစေနဲ့။ သူ့ ဆုတောင်း မပြည့်ခဲပါ။ အနားထိ ရောက်လာသည်။ ကပ်လာသည်။.... နောက်တော့.. ........သူ့လက်ကို အမိအရ ဖမ်းဆပ် ကိုင်လိုက်လေသည်။ လက်ကို ဖမ်းဆုပ်လိုက်သော်လည်း အသည်း နှလုံးကို ဆွဲညှစ်သလို ခံစားလိုက်ရသည်။ ထိုသရဲက လက်ကို ဖမ်းဆုပ်ပြီး အသံထွက်လာသည်...။ သူသိသည်။ သို့သော အဝေးကြီးမှ လာနေသကဲ့သို့သာ ကြားနေရသည်။ .. ဘာကို ပြောနေသည်လည်း.......... သူရင်းနှီးသော အကြောင်းအရာတော့ဖြစ်သည်။.....
....
...
..
............
...
“ ညီညီ ... ဟဲ့..... ညီညီ... ထစမ်း အခု ထစမ်း”
သရဲက သူ့နာမည်က ခေါ်သည်.. လက်ကိုလည်း ကိုင်လှုပ်ဆွဲယမ်းနေသေးသည်။..
“ညီညီ”
နားနား ကပ်ခါ အော်ထည့်လိုက်သော အသံကြောင့် ငေါက်ကနဲပင် ထထိုင်မိသည်။ သရဲ..ဟင့်အင်း သရဲ မဟုတ် အမေပဲ။ မိုးစင်စင်လင်းနေပြီ။ ဒါဆို သူအိပ်ပျော်သွားသည်ပေါ့။
“ဟဲ့ ညီညီ. ... နင် .. ဘယ်လိုများ အိပ်နေသလဲဟင်.. ဒီလောက်တောင် အိပ်ပုတ်ကြီးရသလား”
ဟင့်အင်း အမေမှားပြီ၊ သူ ညက တစ်ညလုံး ပင် အိပ်မပျော်ခဲ့ပါ။ ၄ နာရီ အထိ မျက်စိအကြောင်သားဖြင့် ရှိနေခဲ့ရသည်လေ။.
.......
...
...
..
ခပ်ရှက်ရှက်သာ ပြုံးမိသည်။ အမေကတော့ အိပ်ရေးပုတ်လှချေရဲ့လို့ လူတိုင်းကို ပြောနေတော့မည်။ သား မနေ့ညက မနက် ၄ နာရီထိ အိပ်မပျော်ခဲ့ပါဘူးဟု အမေ့ကို သူမပြောဖြစ်လိုက်တော့ပါ။
အိမ်ရှေ့ဝရန်တာတွင် သေဆုံးနေသော ခိုတစ်ကောင်တွေ့သည်။
အဲ မီးဖိုချောင်လား။
မီးဖိုချောင်ကတော့ ဟင်းလင်ပြင်နီးပါး ကျန်ခဲ့သည်။
ပန်းကန်ခွက်ယောက်များ၊ ဟင်းချက်အိုးများ ၊ ပေါင်းအိုး များသာ မက ဟင်းချက်စရာများနှင့် အမေနှပ်ထားသော အမဲသားအိုးပါ တက်တက်စင်ပြောင်နေလေသည်။
အေးအေးဆေးဆေး စိမ်ပြေနပြေကိုခိုးသွားတာဖြစ်မည်ဟု ခရီးက ပြန်လာသော အဖေက မှတ်ချက်ချသည်။
ဟင့်အင်း .. အဖေရယ.်.... အဲဒါ သရဲစားသွားတာပါ...........။ သူစိတ်ထဲကပဲ ပြောဖြစ်လိုက်တော့သည်...။ အဖေက သရဲ မကြောက်တတ်သူတစ်ဦးမို့ပင်။
ဘာပဲပြောပြောဒီညတော့ သူ ကောင်းကောင်းအိပ်ပျော်တော့မည်မှာတော့ သေချာလေပြီ။ အမေရယ် အဖေရယ်...ပြန်လာပြီကိုး။ ဆိုင်က၀ယ်စားသော ထမင်းက အမေ့မျက်စောင်းလေးနှင့်မို့ နင်တင်တင်ပေမယ့် လက်ရာ အပြောင်းအလဲလေးမို့ ပိုစားဝင်သလို ခံစားမိသည်။ အမေသာ သူ့စိတ်သိလျှင် မျက်စောင်းကနေ လက်စောင်းအဖြစ်ခေါင်းပေါ်ရောက်လာနိုင်သေးရဲ့။ .... ကဲ ဘာပဲပြောပြော ဒီညတော့ အိပ်ပျော်တော့မည် .. ဟိုဖက် အခန်းမှာ အဖေနဲ့ အမေရှိသည့်မို့ သူစိတ်ချလက်ချအိပ်ပျော်ပါသည်။... အော် .. အိပ်မပျော်ခင်တော့ .. ပြောဖြစ်အောင် ပြောရဦးမည်။.... ခပ်တိုးတိုးလေးမှဖြစ်မည် .. အမေမကြားအောင်ပေါ့.. “ အမေ့ အမဲသားနှပ်အိုးကို သရဲခိုးတာပါ ” ဟု။
မိုးယံမင်းလွင်
Subscribe to:
Posts (Atom)
