Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Monday, May 28, 2012

ကျေနပ်အားရမှု မရှိသောဘ၀မှ လွတ်မြောက်ခြင်းဆီသို့


          ၂၁ ရာစုလို အပြောင်းအလဲတွေ လျှင်မြန်လွန်းတဲ့ ခေတ်တစ်ခုမှာ ရှင်သန်နေရတဲ့ လူသတ္တ၀ါတို့အဖို့ နေ့စဉ်နဲ့အမျှ အပြောင်းအလဲတွေရဲ့ ဖိစီးမှုတွေကို ခံစားနေရပါတယ်။ နေ့စဉ်တိုင်းပဲ အချိန်မလုံလောက်မှုတွေ ၊ ရာသီတွေ နှစ်တွေ ပြောင်းလဲ သွားလို့ အသက်တွေ ကြီးလာတိုင်း မိမိကိုယ် မိမိ ဘာမှ မပြောင်းလဲသွားဘူး ရယ်လို့ မကျေနပ် အားမရနိုင်သူတွေ တဖြည်းဖြည်း ဒုနဲ့ဒေး ဖြစ်လာပါတယ်။ မှန်ပါတယ် ကျနော်တို့ ကမ္ဘာကြီးက လျှင်မြန်စွာ ပြောင်းလဲ နေသလောက် သင်ရဲ့ ပြောင်းလဲမှုတွေက နှေးကွေးသလိုဖြစ်နေတာကြောင့် သင် စိတ်ဓါတ်တွေ ကျဆင်းလာနိုင်ပါတယ်။ ဒီတော့ သင့်ဘ၀ကို ဒီ ၁၀ ချက်လောက် ပြောင်းလဲ လိုက်ရင် သင် အနည်းဆုံးတော့ နေလို့ ထိုင်လို့ ကောင်းလာမှာပါ။ ကဲ ဒီတော့ သင်ဘာလုပ်မလဲ အခုပဲ ပြောင်းလဲလိုက်မလား ၊ တော်ကြာမှ ပြောင်းလဲမှာလား။ သေချာတာကတော့ မနက်ဖြန်ဆိုတာ.. နေ့တိုင်း ရှိနေတာမို့…အခု ချက်ခြင်း ထလုပ်လိုက်တာလောက်တော့ မအောင်မြင်မှာ ပါပဲ။

(၁) ရည်မှန်းချက် (သို့) ပန်းတိုင် သတ်မှတ်ခြင်း
          သင်ဘယ်သွားမှာလဲ။ ဘ၀ဆိုတာ ခရီးတစ်ခုရယ်မို့ သင်ဘယ်သွားနေသလဲဆိုတာ သင်သိဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ သင် Bus ကား စီးမယ်ဆိုရင်တောင် ဘယ်သွားမယ်ဆိုတာ သိဖို့ လိုပါတယ် မဟုတ်ရင် သင်ဘယ်ကားစီးရမယ်ဆိုတာ သင် မရွေးချယ်နိုင်သလို သင်ဘယ်မှလည်း ရောက်မှာ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ သင်ဘယ်သွားရမယ်မှန်းမသိတာပါပဲ။ လူတွေက ရိုးရှင်းတဲ့ ဒီသဘောတရားကို မေ့ထားလေ့ ရှိနေပါတယ်။ သင်ဘ၀မှာ ဘာဖြစ်ချင်သလဲဆိုတာ သင် ရှင်းရှင်းလင်းလင်းသိမှ ဖြစ်မှာပါ ဒါဟာ နံပါတ် ၁ အရေးအကြီးဆုံးပါပဲ။ ချမ်းသာသူလား၊ အောင်မြင်သူလား၊ ကျော်ကြားသူလား ဒါဟာ ယေဘုယျ ဆန်ပါတယ်။ ဘယ်လိုနည်းနဲ့ ချမ်းသာသူဖြစ်ချင်တာလဲ။ ဘယ်စီးပွားရေးနဲ့လည်း ၊ အဲဒီ စီးပွားရေးက ဘယ်မှာ လုပ်မှာလဲ ဒါတွေကို သင်သူများကိုမပြောဘူးဆိုရင်တောင် သင့် ဒိုင်ယာရီ ဒါမှ မဟုတ် မှတ်စု စာအုပ်တစ်အုပ်ထဲမှာ ဖြစ်ဖြစ် ချရေးထားရပါမယ်။ သင့်ခေါင်းထဲမှာ တွေးနေသလို သင်ချလည်း ရေးပါ။ ကျနော်တို့ ခေါင်းက မှတ်ထားတာထက် စာမှာ ချရေးထားတာကပိုပြီး သင့်ကို ပြန်အမှတ်ရစေပါတယ်။ နောက်ပြီးတော့ လိုအပ်ချက်မှန်သမျှကို ပိုမိုရှင်းလင်းပြည့်စုံစွာ မြင်နိုင်ပါတယ်။ ဒါကြောင့် သင့် ရည်မှန်းချက်ကို ချသာ ရေးသားလိုက်ပါ ပြီးရင် ဘယ်နေ့မှာ အကောင်အထည်ဖော်နိုင်မှာလဲဆိုတာပါ ရေးထားလိုက်ပါ ၁၀နှစ် လား နှစ် ၂၀လား အရေးမကြီးဘူး သင်အရင်ဆုံး ရည်မှန်းချက် ရှိသွားဖို့ပါပဲ။

(၂) သင့်ကိုယ်သင် အကဲဖြတ်ပါ
          ဒီလောကကြီးမှာ သင့်ကို အကောင်းဆုံးသိသူက သင်ပါပဲ။ ဒီတော့ သင့်ကိုယ်သင် အမှန်အတိုင်း သင် အကဲဖြတ်ပါ။ သင့်မှာ ဘာတွေ လိုအပ်ချက်ရှိနေသလဲ။ ဘာကြောင့် လုပ်ငန်းခွင်မှာ မအောင်မြင်ရတာလဲ။ ဘာကြောင့် ချစ်သူနဲ့ အဆင်မပြေတာလဲ။ ဘာကြောင့် အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ရှိနေလဲ။ ဒါတွေကို သင် သူများဖက်က မတွေးပဲနဲ့ သင့်ကိုယ်သင်ပဲ အရင်အကဲဖြတ်ပါ ။ ပြဿနာတစ်ခုစီတိုင်းမှာ သင့်လိုအပ်ချက်ကိုပဲ အရင် အကဲဖြတ်ပါ ။ သူတစ်ပါးရဲ့ အမှားတွေကို ခဏမေ့ထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကိုယ်သင်ပြုပြင်ပြောင်းလဲဖို့က ဖြစ်နိုင်ဖို့ အလွယ်ဆုံးမို့ပါ။ သင်ပြောင်းလဲလိုက်ရင် တစ်ဖက်ကလည်း ပြောင်းလဲသွားမှာမို့ သင့်ကိုယ်သင် အကဲဖြတ်ပါ။ သင် အလုပ်အတွက်ဆိုရင်လည်း ဘာအရည်အချင်းတွေ သင်လိုအပ်နေလဲဆိုတာ သင်ကိုယ်တိုင် အသိဆုံးမို့ မှန်မှန်ကန်ကန်ပဲ သင် အကဲဖြတ်လိုက်ပါ။ ပြီးရင် သင်ပြုပြင်ပြောင်းလဲ ရမှာတွေကို မှတ်စုထဲမှာ တိတ်တိတ်လေးမှတ်ထားပြီး တစ်ခုချင်းကို သင်ပြောင်းလဲလိုက်ပါ။ အံ့သြစရာကောင်းတာကတော့ သင်ပြောင်းလဲစရာတွေ အကုန်ပြောင်းလဲပြီးသွားရင် သင့်ပတ်ဝန်းကျင်ကလည်း ပြောင်းလဲပြီး သင်ကျေနပ်အားရလာမှာပါပဲ။ ဒီတော့ အရေးကြီးတဲ့ အရာကတော့ သင့်ကိုယ်သင် အမှန်အတိုင်း အကဲဖြတ်ပါ ။ မပိုပါနဲ့ မလိုပါနဲ့ အရှိအတိုင်း အကဲဖြတ်ပြီး ပြုပြင်ပြောင်းလဲလိုက်ပါ။

(၃) ကျန်းမာသော ကိုယ်ခန္ဒာကိုတည်ဆောက်ပါ
          ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ ကလေးဘ၀ကတည်းက သင်ယူဖူးကြားဖူးနေကြ စကားလေးပါ ။ ဒါပေမဲ့ ကျနော်တို့ အဲဒါကို မေ့ထားကြပါတယ် ။ ကျန်းမာရေးမကောင်းပဲနဲ့ သင်ဘာကိုမှ မစွမ်းဆောင်နိုင်ပါဘူး။ သင့်အလုပ် သင့်ကျောင်း သင့်ချစ်သူ အရေးကြီးတာမှန်ပါတယ် ။ ဒါပေမဲ့ အဲဒါတွေအတွက် အချိန်တွေ အလွန်အကျွံသုံးစွဲလိုက်လို့ သင့်ကျန်းမာရေး ချည့်နှဲ့တာမျိုးဖြစ်နေရင်တော့ သင်သတိထားသင့်နေပါပြီ။ အလုပ်ကြောင့် ခဏခဏ နေ့လည်စာတွေ ညစာတွေ နောက်မကျသင့်ပါဘူး။ သင်မကျန်းမာရင် သင့်အလုပ်က ရပ်မသွားပဲ သင့်နေရာကို တစ်ခြားသူ တစ်ယောက် အစားထိုးလိုက်မှာပါပဲဆိုတာ သင်မမေ့ထားပါနဲ့။ သင်ကျန်းမာနေရင် နောက်အလုပ်ကို ရှာနိုင်ပါတယ်။ သင်ကိုယ်တိုင်လုပ်ငန်းတစ်ခုလုပ်နိုင်ပါတယ် သင်ဘာမဆိုလုပ်နိုင်ပါတယ်။ ဒီတော့ ကျန်းမာရေးထိခိုက်လောက်အောင် အလုပ်တွေ များနေရင်တော့ သင် သေချာစဉ်းစားသင့်ပါပြီ။ သင့်ကျန်းမာရေးလောက် အရေးကြီးတာ ဘာမှ မရှိပါဘူး။

(၄) အချိန်တွေ မရွေ့ပါနဲ့
          ဘ၀ကို ပြောင်းလဲမှုတွေ လုပ်ဖို့ စာတွေရော ဟောပြောပွဲတွေရော တက်လိုက်တိုင်း ကျနော်တို့ သင်တို့ စိတ်တွေ တက်ကြွသွားပြီး ချက်ခြင်းပဲ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမဲ့ တကယ်လည်းကျရော နေ့ရွှေ့ညရွှေ့နဲ့ ဘယ်တော့မှ အဲဒီဆုံးဖြတ်ချက်က အကောင်အထည်မပေါ်လာပါဘူး။ ဒီတော့ သင်ဒီတစ်ခါတော့ သင်တတ်နိုင်သလောက်လေးပဲ ပြောင်းလဲပါ။ ဒါပေမဲ့ အရေးကြီးတာ အဲဒါ မနက်ဖြန်လည်း မဟုတ်ဘူး သဘက်ခါလည်း မဟုတ်ပါဘူး အခုပါ။ အခုချက်ခြင်းပဲ လုပ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ခဏနေမှ သင်လုပ်မယ်ဆိုရင် သင်သေသည်အထိ လုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။

(၅) စာဖတ်ဖို့ မမေ့ပါနဲ့
          သင့်စွမ်းအင်အတွက် လိုအပ်ရင် ၀မ်းဗိုက်က ဆာလောင်ခြင်းနဲ့ အချက်ပြတာမို့ သင့်ဖြည့်စွမ်းဖို့ မမေ့ပါဘူး။ ဒါပေမဲ့ သင့်ဦးနှောက်က ဆာလောင်မှုအတွက်အချက်မပြတာမို့ သင်ဖြည့်စီးဖို့ မေ့လေ့ရှိနေပါတယ်။ ဒါဟာ သင့်ကိုယ်သင် ကျေနပ်နှစ်သိမ့်မှု မရှိအောင်သင်ဖန်တီးနေတာဖြစ်ပါတယ်။ သင် စာဖတ်ပါ။ စာဖတ်ကျင့်မရှိသေးရင် စာပေတိုင်းကို ဖတ်ပါ စာဖတ်တာ များလာရင် သင့်ဘ၀အတွက် ဘယ်စာအုပ်ကို အချိန်ပေးပြီး ဖတ်သင့်တယ်ဆိုတာ သင်သိလာမှာပါ။ သင်ရွေးချယ်တတ်လာမှာပါ။ အမှားတွေကို ကိုယ်တိုင်ကြုံတာထက် စာရင် စာအုပ်တွေထဲက သူများအမှားတွေကို မြင်ပြီး သင်ရှောင်နိုင်လာရင် ၊ သင့်ကိုယ်ရည်ကိုယ်သွေးတက်စေမယ့် စာအုပ်မျိုးတွေ ဖတ်ပြီး သင်တိုးတက်လာတာနဲ့အမျှ မကျေနပ် အားမရတာတွေ နည်းလာမှာပါပဲ။

(၆) ငြင်းပါ ၊ လျှော့ပါ
          သင့်အတွက် သင် အချိန်ပေးမယ်လို့ ဆုံးဖြတ်လိုက်တိုင်း သင့်ကို နှောက်ယှက်သူတွေ ပေါ်လာတတ်စမြဲပါ။ သင့်အချိန်တွေကို ခိုးယူလို့ ခိုးယူမှန်းမသိအောင် လုပ်နေတဲ့ အရာတွေထဲမှာ သင့်သူငယ်ချင်းတွေ၊ သင့်မိသားစုတွေ ၊ သင့် Facebook ၊ သင့် Gtalk နဲ့ အခြားအင်တာနက် Web Site တွေက ထိပ်ဆုံးပါပဲ။ သင့်အနေနဲ့ တစ်ကိုယ်တည်း အမြဲတမ်းနေနေဖို့ မတတ်နိုင်ပေမယ့် တတ်နိုင်သလောက်တော့ သင့်တစ်ယောက်တည်း ရှိနေဖို့ အချိန်ပေးပါ။ မလိုအပ်ပဲ ဈေးဝယ်ထွက်ဖို့ လာခေါ်တဲ့ သူငယ်ချင်းတွေကို တတ်နိုင်သလောက် ငြင်းပါ။ အင်တာနက်ကို လျှော့သုံးပါ ။ များသော အားဖြင့် အင်တာနက်မှာ အများစုဟာ Comment ပေးရင်း၊ သိပ်အရေးမကြီးတဲ့ Chatting လုပ်ခြင်းတွေ ပြုလုပ်တတ်ပါတယ် ဒါတွေကို လျှော့ချပါ။ သင့် ဘ၀အတွက် အရေးကြီးတဲ့ အချိန်တွေကို အဲဒီ အရာတွေကို ပြန်လုယူပါ။ သင့်ကိုယ်ပိုင် အချိန်ပိုတွေ ရလာလို့ သင့်ဘ၀အတွက် တိုးတက်ရာတွေ ကြိုးစားနိုင်တာနဲ့အမျှ သင့်ဘ၀ကို အားရ ကျေနပ်လာပါလိမ့်မယ်။ မရဘူးလို့ မပြောပါနဲ့။ သင်နည်းနည်းလောက် အားစိုက်ပြီးကြိုးစားလိုက်ပါ။

(၇) ပတ်ဝန်းကျင်ကိုခံစားပါ
          မြို့ပြမှာ နေထိုင်နေတဲ့ သူသင့်အဖို့ နေ့စဉ်နေ့တိုင်း ကားတွေ တိုက်ခန်းတွေ ရုံးခန်းတွေကြားထဲမှာ ရှင်သန်နေရာခြင်းဟာ သင့်ကို ပိတ်လှောင်မွန်းကျပ်စေပါတယ်။ တစ်ပတ်တစ်ခါဖြစ်ဖြစ် တစ်ပတ်ခြားတစ်ခါဖြစ်ဖြစ်တော့ ကျယ်ဝန်းတဲ့ ပန်းခြံ ၊ လေကောင်းလေသန့် ရတဲ့ ကန်ရေပြင် ဘေးတွေမှာ နာရီဝက်လောက်ဖြစ်ဖြစ် တွေးခြင်တာတွေ တွေးပြီး လမ်းလျှောက်ပါ ။  သင် အရင်ထက် နေလို့ ထိုင်လို့ ကောင်းလာတာကို တွေ့ရလိမ့်မယ်။ သဘာဝက မွေးဖွားထားတဲ့ လူသားဖြစ်တာမို့ သင်ဟာ ဘယ်လောက်ပဲ မြို့ပြယဉ်ကျေးမှုမှာ နေနေ တောရိပ်တောင်ရိပ် သစ်ပင်ရိပ်တွေနဲ့ ထာဝရ ကင်းကွာနေတာ သင့်ကို မွန်းကျပ်မှု စိတ်အားငယ်မှုတွေဖြစ်စေတာမို့ ဒီအပတ်ပဲ ဖြစ်ဖြစ် သင် လမ်းလျှောက်ထွက်လိုက်ပါ ။ 



(၈) တရားထိုင်ပါ
          တနေကုန်ပင်ပန်းလာမှုတွေကို သင်ညအိပ်ယာမ၀င်ခင်မှာ ဒီနည်းနဲ့ အပန်းဖြေလိုက်တာ အကောင်းဆုံးပါပဲ။ ဘယ်ဘာသာဝင်ပဲ ဖြစ်နေပါစေ စိတ်အာရုံ တစ်ခုထဲမှာ စူးစိုက်ထားရတဲ့ တရားထိုင်ခြင်းကို ပြုလုပ်တာဟာ မလိုအပ်တဲ့ အတွေးတွေကို ရပ်သွားစေနိုင်သလို တစ်နေကုန် အတွေးတွေ၊ စဉ်းစားဆင်ခြင်မှုတွေ လုပ်နေရတဲ့ သင့်ဦးနှောက်ကို အနားပေးရာ အားပြန်ဖြည့်ပေးရာလည်း ရောက်ပါတယ်။ တရားထိုင်ချိန်မှာ အသက်ကိုလည်း ပြည့်ပြည့်၀၀ရူမိတာမို့ သင့်သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်တာမို့ သင့်ကို နုပျိုလာစေမှာပါ။ အရေးကြီးဆုံးကတော့ သင့်ကိုယ်သင် ပိုမိုကျေနပ်လာနိုင်စေတဲ့ အကောင်းဆုံးနည်းက တရားထိုင်ခြင်းဖြစ်နေတာပါပဲ။ နောက် Gym ကိုသွားရသလို မခက်ခဲပါဘူး။ မအိပ်ခင် သိပ်အိပ်ရာပေါ်မှာပဲ ထိုင်လျက်နဲ့ သင်ပြုနိုင်ခြင်းဖြစ်နေတာပါ။

 (၉) စိတ်ဓါတ်ကျနေသူတွေကို အားပေးလိုက်ပါ
          သင်ကိုယ်တိုင် စိတ်ဓါတ်ကျနေတဲ့အချိန်မှာ တစ်စုံတစ်ဦးလည်း သင့်ဘေးကို စိတ်ဓါတ်ကျပြီး သင့်ဘေးကို ရောက်လာနိုင်ပါတယ်။ သင်တို့ နှစ်ဦးပေါင်း စိတ်ဓါတ်ကျဆင်းမှုတွေကို မမြှင့်တင်လိုက်ပါနဲ့။ တတ်နိုင်သလောက်အားတင်းပြီး သူ့ကို သင် အားပေးလိုက်ပါ။ ထူးဆန်းတာက သင်သူ့ကို အားပေးပြီးတိုင်းမှာ သင့်စိတ်ဓါတ်အရင်လောက် မကျတာ သင့်ကိုယ်သင် မကျေနပ်တာတွေ လျော့သွားတာ အံ့သြဖွယ်ရာ သင်တွေ့ရလိမ့်မယ်။

(၁၀) သင့်အောင်မြင်မှုကို တိုင်းတာပါ
          အထက်က အချက် ၉ ချက်ကို တတ်နိုင်သလောက်လုပ်ဆောင်ပြီးတိုင်း သင့်ဘယ်လောက် စိတ်ကျေနပ်မှုတွေ ရပြီလဲဆိုတာ ပြန်လည်တိုင်းတာပါ။ သင့် အနည်းဆုံးတော့ ခြေတစ်လှမ်းပဲဖြစ်ဖြစ် သင် လှမ်းခဲ့ပြီးသားဖြစ်နေမှာပါ။ ဒါဟာ သင့်ရဲ့ အောင်မြင်မှုပါပဲ။ သင်တစ်လှမ်းလှမ်းပြီးတိုင်း သင့်ကိုယ်သင် ပိုယုံကြည်မှု ရှိလာပါလိမ့်မယ်။ သင့် အောင်မြင်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ မိုင်တွေ ဘယ်လောက်ပဲဖြစ်ဖြစ် ခြေလှမ်းတစ်လှမ်းထက် သင်ပိုလှမ်းပြီးမှ လမ်းလျှောက်လို့ မရတာ ။ ဒါကြောင့် သင်တစ်လှမ်းလှမ်းပြီးတိုင်း သင်ဟာ အောင်မြင်နေပါပြီ။ အောင်မြင်နေတာနဲ့အမျှ သင့်ဘ၀က မကျေနပ်အားမရမှုတွေကနေ လွတ်မြောက်ပြီပေါ့ ။

မိုးယံမင်းလွင်

Monday, January 9, 2012

“ လူသားများ ကြောက်ရွံ့နေသည့် သရဲ တကယ်မရှိပါ ”

                               သရဲကို လောက မှာ ကြောက်ရွံ့ ခဲ့ကြတာ သရဲတွေ့ခဲ့တာ သရဲခြောက်ခံခဲ့ရတာ ယခုအချိန်မှ မဟုတ်ပါ။ သမိုင်း ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရမှာ ခေတ်တိုင်း ကြားနေရ တွေ့နေရတဲ့ အကြောင်းအရာပဲ ဖြစ်ပါသည်။ သို့ပေသိ သရဲ ကို တွေ့ဖူးသူတိုင်း မြင်တွေ့သည်ထက် ပိုမိုကာ ချဲ့ကားပြောဆိုသည်မှာလည်း ထုံးစံ တစ်ခုလိုပင် ဖြစ်နေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။  ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါကပင် သရဲ တစ္ဆေများ ရှိခဲ့သည် ကိုလည်း ပိဋကတ်တော်လာ အကြောင်းအရာများဖြင့် သိရှိရပါသည်။ အရှင်မောဂ္ဂလန်မထေရ် မြင်ခဲ့သော မြွှေပြိတ္တာ တောင်လုံးခန့်မျှပင် ကြီးမားသည်ဟု  ဗုဒ္ဓကိုယ်တော်တိုင် သက်သေအဖြစ် နှုတ်မြွက်ကြားခဲ့ပါသည်။ ထို့အပြင် ဝေနေယျ ၃၁ ဘုံတွင်လည်း ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံများ ထည့်သွင်းဟောကြားခဲ့သဖြင့် ထိုဘုံဘ၀များ ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်လက်ထက် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး လေနာရောဂါ ထသည့်အခါ ရုက္ခစိုး တစ်ပါးမှ အိမ်တစ်အိမ်သို့ ပူးကပ်ဝင်ရောက်ပြီး ဆွမ်းလောင်းလှူရန် တိုက်တွန်းကြောင်းများလည်း ပိဋကတ်တော်လာ ကျမ်းများအရ သိရှိခဲ့ဘူးပါသည်။ သို့သော် ရုက္ခစိုးဆိုသည်မှာ အပါယ်လေးဘုံတွင် ပါဝင်သော သူတော့ မဟုတ်ပါချေ။ လူဘုံအထက် မြင့်မားသော စတုမဟာရာဇ် နတ်စာရင်းဝင်များ ဖြစ်သဖြင့် သရဲဟု မှတ်ယူရန်မသင့်ပေ။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်ကပင်လည်းကောင်း ထိုထက်ပိုစောပြီးသောအချိန်က လည်းကောင်း လူသားတို့တွင် သရဲတစ္ဆေ ယုံကြည်မှု ကြောက်ရွံ့မှု တို့သည် ဖြစ်တည်နေခဲ့ပါသည်။ သရဲ တစ္ဆေမရှိဟု ဆိုခြင်းသည် အကြွင်းမဲ့ မှန်ကန်ခြင်း မဟုတ်ပေ။ ရှိပါသည် ။ ပညတ် ဝေါဟာရအရ သရဲ ခေါ်ခေါ် ပြိတ္တာခေါ်ခေါ် ပြိတ္တာအသူရကာယ်ဘုံများမှာ အမှန်ပင် ရှိပါသည်။ သိပ္ပံပညာရှင်အနည်းစုမှ အီသိုင်းဓါတ်ငွေ့ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်များ ရှိမည်ဟု ခန့်မှန်းကြပါသည်။  ဗုဒ္ဓဘာသာ တရားအရဖြင့်မှု ထိုဘုံများသည် လူသူ မနီး တောကြီးမျက်မည်းများ၊ သုဿန်များ၊ လူသူမနေ အိမ်အိုပျက်များ နှင့် လူသူရှိရာ လမ်းမ အများအပြား၌ပင် ရှိသည်ဟု လက်ခံထားပါသည်။ 

                     ဗုဒ္ဓဘာသာ တရားအရ ကြည့်လျှင် မကောင်းမှုအကုသိုလ် ကျူးလွန်သူများ ရရှိရာ ဘုံဘ၀ဖြစ်ပါသည်။  ဗုဒ္ဓဘာသာ တရားတော်လာ ၃၁ ဘုံတွင် လူ့ဘုံထက် နိမ့်သော ဘုံများဖြစ်ပါသည်။ လောကဓမ္မဓါအရ နိမ့်သောဘုံသားသည် မြင့်မားသော ဘုံသားများအား မည်သည့် ဒုက္ခ မည်သည့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ မပြုလုပ်နိုင်စွမ်းသာပါ။  ဗုဒ္ဓဘာသာ တရားအရ အသက်ခန္ဓာသေဆုံး ဘ၀ကူးပြောင်းမှုသည်လည်း "အိပ်သော်ယောင်္ကျား နိုးသော်လားသို့ စကားပုံ" နှင့်အညီ အိပ်ပျော်နေသောသူတစ်ဦး အိပ်ယာမှ နိုးလာပါက အိပ်နေချိန်နှင့် နိုးထလာချိန်ကြား အခြားအစပ်မရှိ တဆက်တည်းဖြစ်တည်သကဲ့သို့ ရှိပါသည်။ ဘ၀ ခန္ဓာတွင်လည်း ထိုကဲ့သို့ပင် အသက်ဝိညာဉ်စုတေစိတ်ကျ သေဆုံးသည်နှင့် ချက်ခြင်းပင် မိမိ ကံနှင့်လျော်ညီသော ဘ၀ တစ်ခုသို့ ရရှိပါသည်။ ဥပစ္ဆေဒကံဖြင့် သေဆုံးသောကြောင့်ဖြစ်စေ၊ သာမာန်ရောဂါဖြင့်သေဆုံးသောကြောင့်ဖြစ်စေ သေဆုံးသည်နှင့် ကံအားလျော်ရာဘ၀သို့ ၀င်စားပြောင်းလဲရပါသည်။ လေ့လွင့်နေရသော နာမ်ခန္ဓာလုံးဝ မရှိပါ။  ဗုဒ္ဓဘာသာ  ဗုဒ္ဓဘုရားရှင်၏ အယူဝါဒသည် အနတ္တ၀ါဒသာဖြစ်ပါသည်။ အတ္တ၀ါဒမဟုတ်ပါချေ။ အနတ္တ၀ါဒတွင် ကိုယ်တွင်း၌ အသက်ကောင် ၀ိညာဉ် လုံးဝ(လုံးဝ)တည်ရှိခြင်း မရှိပါခြေ။ ထိုကဲ့သို့ ရှိသည်ဟု ယုံကြည်ခြင်းသည် လွဲမှားသော အယူ မိစ္စာဒိဌိ အယူဖြစ်သည်ဟု ဘုရားရှင် သက်တော် တလျှောက်လုံး ဟောကြားခဲ့ပါသည်။  ထိုအယူဝါဒသည်လည်း မြတ်စွာဘုရား မပွင့်ထွန်းမီ အချိန်ကပင် ဘုရားပွင့်ထွန်းရာ ဒေသတွင် အခိုင်အမာတည်ရှိပြီးဖြစ်ပါသည်။ ထိုဝါဒအား အခြား ဘာသာတရားတိုင်းမှလည်း လက်ခံကာ အသက်ကောင်ဝိညာဉ် ရှိသည်ဟု ယူဆထားပါသည်။ အသက်ကောင်ဝိညာဉ် မရှိဟု အတိအလင်းဖွင့်ဆိုအယူရှိသော ဘာသာကား လောကတွင်  ဗုဒ္ဓဘာသာ တစ်ခုသာရှိပါသည်။ ပေတ၀ထ္တုများကိုမူ ဥပမာနှိုင်းပြရန်လိုအပ်သောအခါ ၊ အများပရိသတ် သံဝေဂ ရစေခြင်း ရှိရန်လိုသောအခါတွင်သာ ဟောပြခဲ့ပါသည်။ အသက်ကောင်ဝိညာဉ်များ လောကတွက် ရှိနေသည် ၊ ပြိတ္တာအသူရကာယ်တို့က လောကကို ခြောက်လှန့်ကြောက်ရွံ့စေသည်ဟု မြင်စေလိုသော ရည်ရွယ်ချက်ဖြင့်  ဗုဒ္ဓ မဟောကြားခဲ့ပါ။ ထို့အတွက်ကြောင့် ပြိတ္တာ၊ အသူရကာယ်များ ရှိသည်မှာ မှန်ကန်သည်ဟု ထပ်ဆင့်ပြောလိုပါသည်။ သို့သော် ထိုပြိတ္တာအသူရကာယ်များသည် လူသားများထက် နိမ့်ကျသူများဖြစ်သဖြင့် လူသားတို့အား မည်သည့်အန္တရယ်မှ ပြုမှုနိုင်ခြင်း မရှိသည့်အတွက် ကြောက်ရွံ့ရန် မလိုပါ.. “ လူသားများ ကြောက်ရွံ့နေသည့် သရဲ တကယ်မရှိပါ” ။ လူသားများ ကြောက်ရန် မလိုအပ်သည့် သရဲ တစ္ဆေခေါ် ပြိတ္တာ အသူရကာယ်များသာ ရှိပါသည်။ အမှန်တကယ်ကြောက်လန့်ရမည်မှာ ထိုသို့ သရဲ ခေါ် ပြိတ္တာများ ဖြစ်မသွားရန်ပင် ဖြစ်ပါသည် ။  ယခုအခါ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ သာသနာ နေလိုလလို ထွန်းလင်းနေသည် ဆိုသော်ငြားလည်း သရဲ တစ္ဆေယုံကြည်မှု ၊ နတ်ကိုးကွယ်မှု ( နတ်များသည်လည်း ပြိတ္တာများသာဖြစ်ပါသည်) ၊ စုန်း ကဝေ ယုံကြည်မှုများမှာလည်း သာသနာနှင့်အပြိုင်နေရာယူ ထားနိုင်သည်ကို တွေ့ရပါသည်။ ခေတ်ပညာတတ်များ၊ ခေတ်ပညာမတတ်သူများ ရာခိုင်နှုန်းအတော်များများသည် ယုံကြည်လျက်ရှိပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလျှင် သရဲ တစ္ဆေဇတ်ကားများ ကြောင့် နိုင်ငံသားတိုင်း နီးပါး သရဲ တစ္ဆေကို အလွန်ကြောက်ရွံ့သူများဖြစ်နေပါသည်။ ထိုသို့ ကြောက်ရွံ့သည့်အတွက် ဘုန်းတော်ကြီးများထံမှ အင်းအိုင် ခလှဲ့ လက်ဖွဲ့များ ၊ ဘုရားပုံတော်များ အား အကာအကွယ် အတားအဆီးအဖြစ် လည်ပင်းတွင် ဆွဲထားသည်ကို တွေ့ဖူးသူများပါလိမ့်မည်။ မြတ်စွာဘုရားသည် ဝေသာလီပြည်တွင် ကပ်ကျရောက်နေသောအခါ ရတနသုတ်တော် ရွတ်ခိုင်းပြီး ဝေသာလီအား ကယ်တင်ခဲ့ပါသည်။ သို့သော် သရဲတစ္ဆေများအား ပယောဂ ဆရာတစ်ဦးသဖွယ် နှိမ်နှင်းခြင်း မဟုတ်ပါ။ ဂါထာကို နာကြားလိုသော အဆင့်မြင့်မားသောနတ်ဗြဟ္မာများ လာရောက်တရားနာသည့်အတွက်အဆင့်နိမ့်ပါးသော ပြိတ္တာအသူရကာယ်များ မြို့တွင်းမှ ထွက်ပေးရခြင်းဖြစ်ပါသည်။  မဟာဂရုဏာတော်ရှင် မြတ်စွာဘုရားက ပြိတ္တာ များကို အနိုင့်အထက် မောင်းထုတ် လူသားကို ကယ်တင်မည်ဟု မှတ်ယူနေခြင်းသည် ယုတ္တိကင်းလှပါသည်။ ဘုရားရှင်၏ အသရေတော် ၊ သာသနာတော်၏ အသရေတော်ကို ဖျက်ဆီးနေခြင်းပင် ဖြစ်ပါသည်။ ထိုကဲ့သို့ မြတ်စွာဘုရားအား သရဲကာ တစ္ဆေကာ အဖြစ် သဘောထားခြင်းသည် ယခုခေတ် အဆိုရ လျှင် မြတ်စွာဘုရားအား Security သဖွယ် သဘောထားဆက်ဆံ နေခြင်းဖြစ်ပါသည်။ အရင်းမြစ်မှာ သရဲ တစ္ဆေအား အကြောက်လွန်ခြင်း၊ ယုံကြည်လွန်းခြင်းကြောင့် ဖြစ်ပါသည်။ မြတ်စွာဘုရားကား မည်သည့် အခါတွင်မှ သရဲ တစ္ဆေအား ကြောက်ရွံစရာဟု မဟောခဲ့ပါချေ။ ထိုဘ၀ရောက်အောင် တွန်းပို့ခဲ့သော သူတို့၏ အကုသိုလ်ကံကိုသာ ကြောက်ရွံ့ရန် ဟောပြောခဲ့ပါသည်။ ခုတ်ရာတခြား ရှရာတလွဲ မဖြစ်သင့်ပေ။  လမ်းတွင် ညတစ်ဦးတည်း ကားမောင်းပါက သရဲ တစ္ဆေကို အလွန်ကြောက်ရွံ့ ယုံကြည်သူ တစ်ဦးစိတ်သည် ခြောက်ခြားကာ တည်ငြိမ်မှု မရှိသောကြောင့် အာရုံစူးစိုက်မှုပျက်ပြားကာ မတော်တဆမှု ဖြစ်ပွားရန် အလားအလာများစွာရှိပါသည်။ ထိုကဲ့သို့ ကြောက်ရွံ့မှုအား ကျော်ဖြတ်ရန် ရဲဆေး သဘောဖြင့် အရက်သောက်ကားမောင်းသူများလည်း ရှိပါသည်။ ပိုမိုကာ မတော်တဆမှုများကိုသာ ဖြစ်ပွားစေပါသည်။ ထို့ကဲသို့ဖြစ်ရသည်မှာ သရဲ ယုံကြည်မှုကြောင့်ဖြစ်ပါသည်။ ဗီဒီယို ဇတ်ကားများတွင်လည်းကောင်း၊ အင်တာနက်မှ တင်ထားသည့် အတုသော်လည်းကောင်း အစစ်သော်လည်းကောင်းဖြစ်နိုင်သည့် မပီဝိုးတ၀ါး ပုံရိပ်များကို မိမိစိတ်တွင် ထင်ထင်ရှားရှား ခံစားနေခြင်းကြောင့်ဖြစ်ပါသည်။ သရဲနှင့်ပတ်သက်လျှင် စူးစမ်းဆင်ခြင်ကင်းစွာဖြင့် ယုံကြည်လိုက်သောကြောင့် ဖြစ်ပါသည်။  ၃၁ ဘုံတွင် အရူပဘုံမှ အပ အခြား ဘုံသားများသည် မိမိပိုင် ခန္ဓာရှိသူများ ဖြစ်ပြီး မိမိ ကံအလျောက်ဖြစ်ပေါ်နေသော ကိုယ်များကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ ပြိတ္တာ များနှင့် အကြောင်းတိုက်ဆိုင်တွေ့ရှိခဲ့သည် ဆိုလျှင် ထိုသူတို့သည် ကံအရ ဆိုးရွားသော ကိုယ်များရှိနေသည်မှ အပ ၊ ရုပ်ရှင်များကဲ့သို့ ဂုတ်ခွစီးခြင်း ၊ လက်မြှောက်ပြီး ၀ူးဝူးဝါးဝါး အော်ကာ ခြောက်ခြင်းများ မဖြစ်နိုင်ပါပေ။ အနံ့ဆိုးများ ရခြင်းနှင့် မည်းမည်းကြီး တွေ့သည် ဆိုသော အရိပ်မည်းများမှာ မှုကား မိမိစိတ်၏ ထင်ယောင်မှားမှုဖြစ်နိုင်ခြေ ၉၀ % ခန့်ရှိနေသည်မို့ ပြိတ္တာနှင့် တွေ့ရှိခဲ့သူများကဲ့သို့ ထိုအရာများ တွေ့တိုင်း သရဲခြောက်သည်ဟု ပြောဆို မရနိုင်ပါပေ။ အချုပ်အားဖြင့် ဆိုရလျှင် ယခု မြန်မာနိုင်ငံတော်တွင် သာသာနာတော်သည် ထွန်းကားပျံ့ပွားနေသည် မှန်သော်ငြားလည်း သရဲ တစ္ဆေယုံကြည်မှု နတ်ကိုးကွယ်မှုတို့က ပိုမိုကာ အားကောင်းလာနေသည်ကို တွေ့မြင်နေရပါသည်။ Facebook သည် ယခုခေတ် ပညာတတ်လူငယ်တိုင်း အသုံးပြုလျက်ရှိသော လူမှုရေး ဆိုက်တစ်ခုဖြစ်ပါသည်။ ထိုလူငယ်များအကြား သရဲတစ္ဆေယုံကြည်မှုအား စူးစမ်း ဆင်ခြင်မှု ကင်းစွာ တိုးတက်လာနေခြင်း၊ ကြောက်ရွံ့ မှုများ ဖြစ်လာနေခြင်းကို တွေ့ရှိနေရပါသည်။ သရဲ တစ္ဆေများအ ကြောင်းအား ရသ စာပေ တစ်ခု အဖြစ် ဖတ်ရှုခြင်းသည် မည်သည့် အပြစ်မှ မဖွဲ့ဆိုသာပါ။

                    သရဲ တစ္ဆေများသည် လူသားအား လွှမ်းမိုးချုပ်ကိုင်လာနေသကဲ့သို့ တကယ့် ကြောက်ရွံ့ စရာများ ၊ အလေးပေးရမည့် အရာများဟု ထင်မှတ်လာခြင်း မရှိစေရန် ကာကွယ်သင့်ပေသည်။ ဗုဒ္ဓဘာသာ အမည်ခံကာ ဘာသာခြား အယူအဆဖြစ်သည့် ကိုယ်ခန္ဓာတွင် အသက်ကောင် ၀ိညာဉ်ရှိသည်ဟု အယူအဆမှားများ မပြန့်ပွားလာစေရန် လည်းကာကွယ်သင့်ပေသည်။ ထို့ကြောင့် လူသားများ ကြောက်ရွံ့ ရန်မလိုသည့် သရဲတစ္ဆေပြိတ္တာအသူရကယ်များ အမှန်တကယ် ရှိပါသည်။  “  လူသားများ ကြောက်ရွံ့နေသည့် သရဲ တကယ်မရှိပါ  ”

မိုးယံမင်းလွင်